ဆိုးလ်၊ ဇန်နဝါရီ ၁၀ ။ ။ တောင်ကိုရီးယားနိုင်ငံရဲ့ အကြီးဆုံး mobile chat app က လုပ်ဆောင်တဲ့ ကားခမျှပေးဝန်ဆောင်မှုကို ဆန့်ကျင်ဆန္ဒပြပြီး တက္ကစီယာဉ်မောင်းတစ်ဦးဟာ ဒုတိယမြောက်အဖြစ် ကိုယ်ကိုကို မီးရှို့သတ်သေမှု ဖြစ်ပွားပါတယ်။
အသက် ၆၄ နှစ်အရွယ် အမ်းဆိုတဲ့ တက္ကစီယာဉ်မောင်းဟာ ဆိုးလ်မြို့လယ်က အမေရိကန်သံရုံးအနီးမှာ ကားကို ရပ်ပြီး ကိုယ်ကိုကို မီးရှို့ခဲ့တာဖြစ်ပါတယ်။
ဗုဒ္ဓဟူးနေ့ ညနေပိုင်းမှာ ဖြစ်ပွားတဲ့ ဒီဖြစ်စဉ်မှာ မီးလောင်တဲ့ ကားအတွင်းကနေ အမ်းကို ဆွဲထုတ်ခဲ့ရပြီး အဲဒီအချိန်မှာ သူဟာ သတိရှိသေးတယ်လို့ မျက်မြင်တွေက ပြောပါတယ်။
အနီးက ဆေးရုံတစ်ခုဆီ သူ့ကို တင်ပို့ပြီး နာရီပိုင်းမှာပဲ သူဟာ သေဆုံးသွားတာဖြစ်တယ်လို့ ရဲက ဆိုပါတယ်။
အမ်းဟာ သေတမ်းစာတစ်စောင်ရေးသွားခဲ့ပြီး အဲဒီ သေတမ်းစာမှာ ကားခမျှပေး ဝန်ဆောင်မှုဟာ တရားမဲ့တဲ့ လုပ်ရပ်ဖြစ်တာကြောင့် ဆန့်ကျင်ကြဖို့ တိုက်တွန်းထားတယ်လို့ ယွန်ဟတ်သတင်းဌာနက ဖော်ပြပါတယ်။
Kakao mobile chat app လုပ်ဆောင်တဲ့ ကားခမျှပေး ဝန်ဆောင်မှုကို ဆန့်ကျင်ပြီး ကိုယ်ကိုကို မီးရှို့သတ်သေဆန္ဒပြတာဟာ အမ်းဟာ တစ်လအတွင်းမှာ ဒုတိယမြောက်ပဲ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့လ အဲဒီ ဝန်ဆောင်မှုကို ဆန့်ကျင်ပြီး တက္ကစီယာဉ်မောင်းတစ်ဦးကို ကိုယ်ကိုကို မီးရှို့သတ်သေမှု ဖြစ်ပြီးနောက်မှာ Kakao ဟာ ဒီဇင်ဘာ ၁၇ ရက်မှာ လုပ်ငန်းစတင်ဖို့ လျာထားတဲ့ ၎င်းတို့ရဲ့ အစီအစဉ်ကို လူအများသဘောတူဖို့ လိုအပ်တယ်ဆိုပြီး ရပ်နားထားခဲ့တာ ဖြစ်ပါတယ်။