၀ါရှင်တန်ဒီစီ၊ ဇန်နဝါရီ ၇ ။ ။ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ဟာ မက္ကဆီကိုနဲ့ နယ်ခြားတံတိုင်း တည်ဆောက်ရေးအတွက် ဒေါ်လာဘီလီယံများစွာ တောင်းခံထားခြင်းအပေါ် ခိုင်ခိုင်မာမာ ရပ်တည်နေဆဲ ဖြစ်ပါတယ်။
ဒီတံတိုင်းကာရံရေး ရန်ပုံငွေ တောင်းခံတာ ပါဝင်တဲ့ ဘတ်ဂျက်မူကြမ်းကို လွှတ်တော်အတွင်း သဘောတူညီမှု မရတာကြောင့် အစိုးရလုပ်ငန်းဌာနအချို့ တန့်ရပ်နေတာဟာ သီတင်းပတ် သုံးပတ်အထိ ရှိနေပါပြီ။
“ကျွန်တော်တို့ အဲဒီ နယ်ခြားတံတိုင်းကို မဖြစ််ဖြစ်အောင် ကာရံရမှာဖြစ်တယ်။”လို့ အိမ်ဖြူတော်မှာ သတင်းထောက်တွေကို ထရမ့်က ပြောပါတယ်။
“ဒါဟာ လုံခြုံရေးအတွက် ဖြစ်တယ်။ ကျွန်တော်တို့နိုင်ငံရဲ့ လုံခြုံရေးအတွက် ဖြစ်တယ်။ ကျွန်တော်တို့မှာ ရွေးချယ်စရာ မရှိဘူး။”လို့ ထရမ့်က ဆိုပါတယ်။
အဲဒီ တံတိုင်းအတွက် ရန်ပုံငွေနဲ့ ပတ်သက်ပြီး ဒီမိုကရက်တစ်ပါတီရဲ့ ကန့်ကွက်မှုကြောင့် သဘောတူညီမှု မရဘဲ ရှိနေရာ ဒီဇင်ဘာ ၂၂ ရက်က စတင်ပြီး အစိုးရလုပ်ငန်းဌာနအချို့ တန့်ရပ်နေခဲ့တာပဲ ဖြစ်ပါတယ်။
“အစိုးရယန္တရား တန့်ရပ်မှုဟာ မနက်ဖြန်မှာ ပြေလည်ပြီး အဆုံးသတ်နိုင်သလို ပြေလည်မှု မရဘဲ ရေရှည်ဖြစ်သွားနိုင်တယ်။ ဒါဟာ ဒီမိုကရက်တွေ အပေါ်မှာ တည်မှီနေတယ်။”လို့ ထရမ့်က ပြောခဲ့ပါတယ်။
ဒီမိုကရက်နဲ့ ရီပတ်ဘရီကန် ပါတီကြီးနှစ်ရပ်စလုံးဟာ အစိုးရယန္တရား တန့်ရပ်မှုနဲ့ ပတ်သက်ပြီး အပြန်အလှန် အပြစ်ဆိုနေတာပဲ ဖြစ်ပါတယ်။