အမှန်ခြစ် အမှတ်အသားပါ တံဆိပ်တုံးများ လုပ်ငန်းရှင် အချို့ထံ အပ်နှံလုပ်ခိုင်းမှုများရှိ

အမှန်ခြစ် အမှတ်အသားပါ တံဆိပ်တုံးများ လုပ်ငန်းရှင် အချို့ထံ အပ်နှံလုပ်ခိုင်းမှုများရှိ
မဇ္ဈိမက ရရှိထားသည့် တံဆိပ်တုံး 

ရန်ကုန်၊ စက်တင်ဘာ ၂၉။        ။ နိုဝင်ဘာ ရွေးကောက်ပွဲ မဲပေးရာတွင် အသုံးပြုမည့် ရွေးကောက်ပွဲ ကော်မရှင်က ထုတ်ဝေမည် ဖြစ်သော အမှတ်ခြစ် တံဆိပ်ပါ တံဆိပ်တုံးနှင့် ဆင်တူသည့် တံဆိပ်တုံးများကို ရန်ကုန်မြို့တွင် တံဆိပ်တုံး လုပ်ငန်း လုပ်ကိုင်သူများထံ လာရောက် အပ်နှံသူများ ရှိနေသည်ဟု မဇ္ဈိမက စုံစမ်းသိရှိရသည်။

မဇ္ဈိမက ရရှိထားသည့် အဆိုပါ တံဆိပ်တုံးတွင် အကွက် ကိုးကွက်ပါ အမှန်ခြစ်တံဆိပ်တုံးဖြစ်ပြီး ရာဘာဖြင့် ထွင်းထုထားသည်။ လက်ကိုင်မှာမူ သစ်သားဖြင့် ပြုလုပ်ထား အနီရောင် ဆေးသုတ်လိမ်းထားသည်ကို တွေ့ရသည်။ ထို တံဆိပ်တုံးကို အသုံးပြုပါက မှင်လိုအပ်မည်ဖြစ်သည်။

ရွေးကောက်ပွဲတွင် အသုံးပြုမည့် တံဆိပ်တုံးမှာမူ လက်ကိုင်ကို ဖန်သားအကြည်ဖြင့် ပြုလုပ်ထားပြီး မှင်မလိုအပ်ပါ။ ရွေးကောက်ပွဲ ကော်မရှင်က ထုတ်ပေးမည့် တံဆိပ်တုံးသည် ရိုက်နှိပ်လိုက်ပါက အမှန်ခြစ် အမှတ်အသားနှင့်အတူ UEC ဟူသည့် စာသားလည်း ပါဝင်မည်ဖြစ်သည်။

ရန်ကုန်မြို့တွင် တံဆိပ်တုံး လုပ်ငန်း လုပ်ကိုင်သည့် လုပ်ငန်းရှင်တစ်ဦးက မဇ္ဈိမ သို့ ထုတ်ဖေါ်ပြောဆိုရာတွင် လူအချို့က လာအပ်နှံခြင်း ဖြစ်သည်ဟု ဆိုသည်။  "သူတို့အပ်တာက လုပ်ပေးပြီးသွားပြီ။ အခုကျန်နေတာက ထပ်ပြီးလာဝယ်ရင် ရောင်းလို့ရအောင် လုပ်ထားတာ" ဟု ပြောသည်။

မဇ္ဈိမက ရရှိထားသည့် အနီရောင် အမှန်ခြစ်ပါ တံဆိပ်တုံးအပြင် အခြား တံဆိပ်တုံး တစ်ခုလည်း ထပ်မံ လုပ်ငန်းအပ်ခဲ့သေးသည်ဟု အဆိုပါ လုပ်ငန်းရှင်က ဆိုသည်။ ဒုတိယ တံဆိပ်တုံးမှာ အမဲရောင် တံဆိပ်တုံးဖြစ်ပြီး အကွက် ကိုးကွက်ပါ အမှန်ခြစ် တံဆိပ်တုံး ဖြစ်သည်ဟု ဆိုသည်။ လက်ကိုင်ကို ပလပ်စတစ်ဖြင့် ပြုလုပ်ထားပြီး မှင် သုတ်လိမ်းသည့် နေရာတွင် အဖုံးအဖွင့် အပိတ်ပါရှိသည်ဟု သူက ဆိုသည်။

အဆိုပါ တံဆိပ်တုံးနှင့် ပတ်သက်၍ ရန်ကုန်တိုင်း ရွေးကောက်ပွဲ ကော်မရှင် လက်ထောက်ညွှန်ကြားရေးမှူး ဦးတင်ဝင်းသို့ ဆက်သွယ်မေးမြန်းရာတွင် "တံဆိပ်တုံးတွေဘာတွေက ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကပဲ လုပ်ပြီးမှကျွန်တော်တို့ကို ပြတာ၊ လုပ်တာဘယ်မှလုပ်တယ် အပ်တယ်ဆိုတာကို မသိပါဘူး" ဟု ပြောသည်။

ပြည်ထောင်စ ုရွေးကောက်ပွဲကော်မရှင်က ပြည်သူများ၊ ပါတီများသို့အသိပေးထားသည့် အမှန်ခြစ်နှိပ် တံဆိပ်တုံးသည့် နိုင်ငံတစ်ကာ အကူအညီဖြင့် ပြုလုပ်ပေးထားသည့် အလိုလျောက် မဲဖြည့်သွင်းရန်မလိုပဲ ခတ်နှိပ်နိုင်သည့် တံဆိပ်တုံးတစ်မျိုးလည်းဖြစ်သည်။

မှတ်ချက် - အသေးစိတ်အချက်အလက်များကို ဆက်လက်ရေးသားဖေါ်ပြပါမည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required