မြန်မာနှင့် စင်ကာပူနိုင်ငံရှိ Deloitte အကြံပေးဝန်ဆောင်မှုလုပ်ငန်းများအတွက် CMP အသစ်များဖြင့် ဆောင်ရွက်မည်

မြန်မာနှင့် စင်ကာပူနိုင်ငံရှိ Deloitte အကြံပေးဝန်ဆောင်မှုလုပ်ငန်းများအတွက် CMP အသစ်များဖြင့် ဆောင်ရွက်မည်

ဇန်နဝါရီ ၅ ။           ။ မြန်မာနှင့် စင်ကာပူနိုင်ငံရှိ အကြံပေးဝန်ဆောင်မှုလုပ်ငန်းများအတွက် Country Managing Partner (CMP) များအဖြစ် ဦးအေးချိုနှင့် Mr. Cheung Pui Yuen တို့က ဇန်နဝါရီလ ၁ ရက်မှ စတင်လုပ်ဆောင် နေကြောင်း Deloitte South East Asia မှ သိရသည်။

ထိုသို့ ခန့်အပ်ကြောင်းကြေညာချက်ကို ဒီဇင်ဘာလ ၁၇ ရက်က ထုတ်ပြန်ခဲ့ခြင်း ဖြစ်ပြီး ဦးအေးချိုသည် Deloitte မြန်မာမှ အငြိမ်းစားယူသွားသူ ဦးစိုးဝင်း (CMP) ၏ ရာထူးနေရာကို ဆက်ခံဆောင်ရွက်သွားမည် ဖြစ်သည်။

"ဦးအေးချိုနှင့် Mr. Pui Yuen တို့သည် ၄င်းတို့၏ အတွေ့အကြုံနှင့် ကျွမ်းကျင်မှုများကို အသုံးချကာ Deloitte မြန်မာနှင့် Deloitte စင်ကာပူအကြံပေးဝန်ဆောင်မှုလုပ်ငန်းများ၏ အောင်မြင်မှုများကို ပိုမိုရရှိအောင် ဆက်လက်ဆောင်ရွက်သွားမည်ဟု ယုံကြည်ကြောင်း၊ ဝန်ထမ်းများအား အရည်အချင်းပြည့်ဝအောင် ပံပိုးပေးခြင်းဖြင့် Client များနှင့် ကျွန်တော်တို့ အဖွဲ့အစည်းအတွင်း ဦးဆောင်မှုပေးသွားမည်ကို ယုံကြည်ပါ တယ်"ဟု Deloitte စင်ကာပူ၏ ဥက္ကဋ္ဌ Mr. Philip Yuen က ပြောသည်။

Deloitte မြန်မာ၏ New Country Managing Partner ဦးအေးချိုသည် ၂၀၀၇ ခုနှစ်တွင် Deloitte စင်ကာပူ၌ ဝင်ရောက်လုပ်ကိုင်ခဲ့ပြီး Deloitte စင်ကာပူနှင့် မြန်မာနိုင်ငံရှိ ကုမ္ပဏီများနှင့်သက်ဆိုင်သော စီးပွားရေးဆိုင်ရာ အကြံပေးလုပ်ငန်း၊ ဘဏ္ဍာရေးဆိုင်ရာအကြံပေးလုပ်ငန်း၊ စာရင်းစစ်လုပ်ငန်း၊ အခွန်ဝန်ဆောင်မှု လုပ်ငန်းတို့တွင် ၁၇ နှစ်ခန့် အတွေ့အကြုံရှိသူတစ်ဦးဖြစ်သည်ဟု သိရသည်။

" ကျွန်တော့်အနေဖြင့် Deloitte မြန်မာရဲ့ CMP အဖြစ်  တာဝန်ပေးအပ်ခံရခြင်းကို ဝမ်းမြောက်စွာ ဂုဏ်ယူမိပါ တယ်။ Deloitte South East Asia၏ အကြံပေးဝန်ဆောင်မှုလုပ်ငန်း တစ်ခုဖြစ်တဲ့ Deloitte မြန်မာအကြံပေး ဝန်ဆောင်မှုလုပ်ငန်းသည် ပြည်တွင်းပြည်ပစိီးပွားရေးလုပ်ငန်းများအတွက် ပေါ်ထွက် လာသော စီးပွားရေး အခွင့်အလမ်းများကို တက်ကြွစွာ ကူညီဆောင်ရွက်ပေးလျက်ရှိပါတယ်” ဟု ဦးအေးချိုက ပြောသည်။

စာရင်းအင်းဆိုင်ရာ အကြံပေးခြင်း၊ အခွန်အခ ပေးဆောင်ခြင်းနှင့် အကျိုးတူဆောင်ရွက်မှုဆိုင်ရာ ဝန်ဆောင်မှု များအတွက် Deloitte Myanmar ဝန်ဆောင်မှုလုပ်ငန်းကို ၂၀၁၈ ခုနှစ်၊ မေလ ၁၈ ရက်နေ့က ဆူးလေ ရှန်ဂရီလာဟိုတယ်တွင် ပြုလုပ်ခဲ့သည်။

စင်ကာပူနိုင်ငံအတွက် Mr. Pui Yuen သည်လည်း Mr. Philip Yeun( Deloitte South East Asia ၏ Chief Executive Officer(CEO)နှင့် စင်ကာပူနိုင်ငံ၏ CMP အဖြစ် တာဝန်ထမ်းဆောင်နေသူ) ၏ CMP ရာထူးကို လွှဲပြောင်း လက်ခံရယူဆောင်ရွက်သွားမည် ဖြစ်သည်။

သို့ရာတွင်  Mr. Philip သည် Deloitte South East Asia ၏ CEO နှင့် Deloitte စင်ကာပူ၏ ဥက္ကဋ္ဌအဖြစ် ဆက်လက်တာဝန်ယူဆောင်ရွက်သွားမည် ဖြစ်သည်။

Deloitte South East Asia သည် အာဆီယံနိုင်ငံများအားလုံးရှိ အကြံပေးဝန်ဆောင်မှုလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိသော လုပ်ငန်းတစ်ခု ဖြစ်ပြီး ဘရူနိုင်း၊ ကမ္ဘောဒီးယား၊ အင်ဒိုနီးရှား၊ လာအို ၊ မလေးရှား၊ မြန်မာ၊ ဖိလစ်ပိုင်၊ စင်ကာပူ၊ ထိုင်းနိုင်ငံနှင့် ဗီယက်နမ်နိင်ငံတို့တွင် ရုံးခွဲပေါင်း ၂၅ ခု၊ Partner ၃၄၀ ခန့် နှင့် ဝန်ထမ်းအင်အား ၈၈၀၀ ခန့်ဖြင့် ဖွဲ့စည်းထားသည်။

၂၀၁၈ ခုနှစ်၊ စက်တင်ဘာလတွင် Deloitte SEA သည် သြစတြေးလျ၊ တရုတ်၊ ဂျပန်နှင့် နယူးဇီလန်နိုင်ငံတို့ဖြင့် ချိတ်ဆက်ပေါင်းစပ်ကာ Deloitte Asia Pacific အဖွဲ့အစည်းအဖြစ် တည်ထောင်ခဲ့သည်။

မြန်မာနိုင်ငံတွင် စာရင်းစစ်လုပ်ငန်းနှင့် အခြားဆက်စပ်နေသောလုပ်ငန်းများကို Myanmar Vigour & Associates Limited မှ ဆောင်ရွက်လျက်ရှိပြီး အကြံပေးခြင်းနှင့် အတိုင်ပင်ခံဝန်ဆောင်မှုလုပ်ငန်းများကို Deloitte Touche Myanmar Vigour Advisory Limited နှင့် Deloitte Consulting (Myanmar) Ltd. မှ အသီးသီးဆောင်ရွက်လျက်ရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly