၇၁ နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် နိုင်ငံအလံများ လွှင့်ထူကြရန် တိုင်းအစိုးရ နှိုးဆော်

၇၁ နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် နိုင်ငံအလံများ လွှင့်ထူကြရန် တိုင်းအစိုးရ နှိုးဆော်
Photo-EPA

ဇန်နဝါရီ ၃ ။                   ။ ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလ ၄ ရက်နေ့တွင် ကျရောက်သည့် ၇၁ နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အဖြစ် မြန်မာနိုင်ငံတော်အလံများ လွှင့်ထူကြရန် ရန်ကုန်တိုင်းဒေသကြီးအစိုးရမှ နှိုးဆော်ထားသည်။

၇၁ နှစ်မြောက် လွတ်လပ်ရေးနေ့ အခမ်းအနားကို နှစ်စဉ် မြန်မာနိုင်ငံတစ်ဝန်းလုံးတွင်  စည်ကားသိုက်မြိုက်စွာ ကျင်းပလေ့ရှိပြီး ယခင်နှစ်များက နေအိမ်များတွင် နိုင်ငံအလံ လွှင့်ထူမှု နည်းပါးမှုကို မြင့်တွေ့ခဲ့ရပြီး တိုင်းအစိုးရမှ တိုက်တွန်းထားခြင်း ဖြစ်သည်။

“ မြန်မာနိုင်ငံနှင့် မြန်မာလူမျိုးတို့၏ အချုပ်အခြာအာဏာပိုင်စိုးမှုဖြစ်သော မြန်မာ့လွတ်လပ်ရေးကို နယ်ချဲ့တို့ လက်မှ ပြန်လည်ရယူနိုင်ခဲ့သော မမေ့အပ်သောနေ့တစ်နေ့လည်း ဖြစ်ပါသည်။ မိမိတို့တိုင်းရင်းသားလူမျိုး အားလုံး၏  အသက်သွေး၊ ချွေးဖြင့် ရင်းနှီးပေးဆပ်ရယူခဲ့သော  ၇၁ နှစ်မြောက် လွတ်လပ်ရေးနေ့အား ဂုဏ်ပြုသောအားဖြင့် ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလ ၄ ရက်နေ့တွင် မိမိတို့၏ ရုံး၊ ကျောင်း၊ ဌာနဆိုင်ရာ အဆောက်အဦ၊ ဝန်ထမ်းအိမ်ရာများ၊ ပုဂ္ဂလိကပိုင် နေအိမ်များ၌ မြန်မာနိုင်ငံတော်အလံအား လွှင့်ထူသွားကြပါရန် တိုက်တွန်းနှိုးဆော်အပ်ပါသည်” ဟု ဇန်နဝါရီလ ၃ ရက်တွင် သတင်းနှင့်ပြန်ကြားရေးမှ ထုတ်ပြန်ဖော်ပြထားသည်။

မြန်မာနိုင်ငံသည် ၁၈၈၅ ခုနှစ်တွင် ဗြိတိသျှတို့ လက်အောက် ကျရောက်ခဲ့ပြီး ၁၉၄၈ ခုနှစ်၊ ဇန်နဝါရီ ၄ ရက်၊ နံနက် ၄ နာရီ မိနစ် ၂၀ တွင် မြန်မာနိုင်ငံသည် ဗြိတိသျှတို့ထံမှ လွတ်လပ်ရေး ရခဲ့ခြင်း ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly