အပူမုန်တိုင်းကြောင့် ဇန်နဝါရီလ ၄ ရက်မှ ၇ ရက်အတွင်း မြန်မာနိုင်ငံဒေသအချို့တွင် မိုးရွာနိုင်

အပူမုန်တိုင်းကြောင့် ဇန်နဝါရီလ ၄ ရက်မှ ၇ ရက်အတွင်း မြန်မာနိုင်ငံဒေသအချို့တွင် မိုးရွာနိုင်
Photo-AFP

ဇန်နဝါရီ ၃ ။               ။ တောင်တရုတ် ပင်လယ်ပြင်တွင် ဖြစ်ပေါ်နေသော အပူပိုင်းမုန်တိုင်း"ပါဘက်"(Pabuk) ကြောင့် ဇန်နဝါရီလ ၄ ရက်မှ ၇ ရက်အတွင်း မြန်မာနိုင်ငံဒေသအချို့တွင် အချိန်အခါမဟုတ် နေရာကျဲကျဲမှ မိုးထစ်ချုန်း ရွာနိုင်ဖွယ် ရှိနေသည်။

ယနေ့  ဇန်နဝါရီလ ၃ ရက်၊ မြန်မာစံတော်ချိန် (၁၈:၃၀)နာရီအချိန် မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှု ဦးစီးဌာန မှ တိုင်းထွာချက်များ အရ တောင်တရုတ်ပင်လယ်ပြင်တွင် ဖြစ်ပေါ်နေသော အပူပိုင်းမုန်တိုင်း"ပါဘက်"(Pabuk) သည် ထိုင်းနိုင်ငံ၊ နခွန်စီသမာရက် မြို့(Nakhon Si Thammarat) ၏ အရှေ့တောင်ဘက် မိုင်(၂၇၀)ခန့်၊ မြန်မာနိုင်ငံ၊ ကော့သောင်းမြို့၏ အရှေ့တောင်ဘက် (၃၈၅) မိုင်ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေခြင်း ဖြစ်သည်။

ထို့ကြောင့် ဇန်နဝါရီလ ၄ ရက်မှ ၇ ရက်အတွင်း ရန်ကုန်တိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကရင် ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာကျဲကျဲမှ နေရာစိပ်စိပ်၊ နေပြည်တော်၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် ကယားပြည်နယ်တို့တွင် နေရာကွက်ကျားမှ နေရာကျဲကျဲ မိုးထစ်ချုန်းရွာပြီး၊ အချို့နေရာများတွင် နေရာကွက်၍ မိုးကြီးနိုင်သည်။

အဆိုပါ အပူပိုင်းမုန်တိုင်းသည် အနောက်၊ အနောက်မြောက်ဘက်သို့ ဆက်လက်ရွေ့လျားပြီး၊ ကုန်းတွင်းသို့ မြန်မာနိုင်ငံ၊ ကော့သောင်းမြို့၏ တောင်ဘက်ရှိ နခွန်စီသမာရက်မြို့(ထိုင်းနိုင်ငံ)အနီးမှ ဖြတ်ကျော်ဝင်ရောက်ပြီး ကပ္ပလီပင်လယ်ပြင်သို့ ရောက်ရှိနိုင်သည်ဟု မိုးဇလမှ ခန့်မှန်းထားသည်။

သတိပေးနှိုးဆော်ချက်အနေဖြင့် မြစ်ဝကျွန်းပေါ်၊ မုတ္တမကွေ့၊ မွန်-တနင်္သာရီ ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် တစ်ခါတစ်ရံ မိုးသက်လေပြင်းများကျရောက်ပြီး၊ လှိုင်းအသင့်အတင့်မှ လှိုင်းကြီး နိုင်သည်။

မိုးသက်လေပြင်းကျစဉ် ရေပြင်/မြေပြင်လေ သည် တစ်နာရီလျှင် ၃၅ မိုင်အထိ တိုက်ခတ်နိုင်ပြီး လှိုင်းအမြင့်မှာ မြစ်ဝကျွန်းပေါ်၊ မုတ္တမကွေ့၊ မွန်-တနင်္သာရီ ကမ်းရိုးတန်း တစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် ၆ ပေ မှ ၉ ပေ ခန့် ရှိနိုင်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly