ဒီဇင်ဘာ ၂၇ ။ ။ ယနေ့မနက်ပိုင်းမှာ ဂရိနိုင်ငံ၊ အေသင်မြို့လယ်ရှိ ဘုရားကျောင်းမှာ အသေးစားဗုံးပေါက်ကွဲမှုတစ်ခု ဖြစ်ပွားခဲ့ရာ ဘုရားကျောင်းစောင့်တစ်ဦးနဲ့ ရဲအရာရှိတစ်ဦး ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။
ယနေ့မနက် ၇ နာရီဝန်းကျင်မှာ အဆိုပါဘုရားကျောင်းစောင့်ဟာ ဘုရားကျောင်းအပေါက်ဝနားမှာ အထုတ်တစ်ထုတ်ကို တွေ့ရှိခဲ့ရာမှ ရဲအရာရှိကို အကြောင်းကြားခဲ့တာဖြစ်ပါတယ်။
ရဲအရာရှိရောက်လာပြီး များမကြာမီ ၇ နာရီ ၁၀ မိနစ်မှာပဲ ယခုလို ဗုံးပေါက်ကွဲခဲ့တာဖြစ်ပြီး နှစ်ယောက်လုံး ဒဏ်ရာရခဲ့ကြတာဖြစ်ပါတယ်။
ကျောင်းစောင့်နဲ့ ရဲအရာရှိကို ဆေးရုံတင်ထားကြောင်း သိရှိရပြီး နှစ်ယောက်လုံးရဲ့ ဒဏ်ရာမပြင်းထန်ဘူးလို့ သိရပါတယ်။
ဗုံးပေါက်ကွဲမှုဖြစ်စေတဲ့ တရားခံကို လိုက်လံရှာဖွေလျက်ရှိပြီး အသက်အန္တရာယ်ကို စိုးရိမ်ရစေတဲ့ ဘယ်ပြစ်မှုကိုမဆို တရားစီရင်မှာဖြစ်ကြောင်း ဂရိအာဏာပိုင်တွေက ပြောခဲ့ပါတယ်။