လစ်ဗျား နိုင်ငံခြားရေးဝန်ကြီးဌာနကို အိုင်အက်စ်တို့ အသေခံဗုံးခွဲတိုက်ခိုက်၊ လူ ၃ ဦးထက်မနည်း သေဆုံး

လစ်ဗျား နိုင်ငံခြားရေးဝန်ကြီးဌာနကို အိုင်အက်စ်တို့ အသေခံဗုံးခွဲတိုက်ခိုက်၊ လူ ၃ ဦးထက်မနည်း သေဆုံး

ဒီဇင်ဘာ ၂၆ ။              ။ လစ်ဗျားနိုင်ငံ မြို့တော် ထရီပိုလီမှာ ရှိတဲ့ လစ်ဗျားအစိုးရနိုင်ငံခြားရေးဝန်ကြီးဌာနရုံးကို ယမန်နေ့ ဒီဇင်ဘာ ၂၅ ရက်က အသေခံ တိုက်ခိုက်ရေးသမားတွေ ဝင်ရောက်တိုက်ခိုက်ခဲ့တာကြောင့် ရာထူးမြင့် အစိုးရအရာရှိကြီးတစ်ဦးအပါအဝင် လူ သုံးဦးထက်မနည်း သေဆုံးသွားခဲ့ပါတယ်။

ယင်းတိုက်ခိုက်မှုကတော့ ၎င်းတို့လက်ချက်ဖြစ်ကြောင်း အစ္စလမ္မစ်နိုင်ငံတော် (အိုင်အက်စ်) အကြမ်းဖက်အဖွဲ့က ထုတ်ပြန်ခဲ့ပါတယ်။

ဒါ့အပြင် ယင်း တိုက်ခိုက်မှုဖြစ်စဉ်မှာ အခြား လူပေါင်း ၂၁ ဦး ဒဏ်ရာရရှိသွားတယ်လို့ လစ်ဗျား အာဏာပိုင်တွေက ပြောပါတယ်။

ဖြစ်စဉ်မှာတော့ ဝန်ကြီးဌာနအနီး ကားဗုံးတစ်လုံး ပေါက်ကွဲခဲ့လို့ အခင်းဖြစ်နေရာကို လုံခြုံရေးတပ်ဖွဲ့တွေ ချက်ချင်း သွားရောက်ကြည့်ရှုခဲ့ကြပါတယ်။ ယင်းအချိန်မှာပဲ အသေခံ ဗုံးခွဲသမားတစ်ဦးက ဝန်ကြီးဌာနထဲ ဝင်သွားပြီး အဆောက်အအုံ ဒုတိယထပ်မှာ ၎င်းကိုယ်ကိုယ် ဖောက်ခွဲပစ်လိုက်တာဖြစ်တယ်လို့ လစ်ဗျားအစိုးရ အထူးတပ်ဖွဲ့ ပြောခွင့်ရပုဂ္ဂိုလ် တာရက်ခ် အယ်လ် ဒါဝက်စ်က ပြောပါတယ်။

နောက်ထပ် ဒုတိယမြောက် တိုက်ခိုက်ရေးသမားတစ်ဦးလည်း ၎င်းကိုင်လာတဲ့ လက်ဆွဲအိတ် ပေါက်ကွဲပြီး သေဆုံးသွားခဲ့ပါတယ်။

တတိယမြောက် တိုက်ခိုက်သူကိုတော့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေက ပစ်ခတ်ရှင်းလင်းလိုက်ရတယ်လို့ ဒါဝက်စ်က ပြောသွားပါတယ်။

တိုက်ခိုက်မှုကြောင့် လူ သုံးဦးထက်မနည်း သေပြီး ၂၁ ဦး ဒဏ်ရာရတယ်လို့ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။

သေဆုံးသွားသူတွေထဲမှာတော့ နိုင်ငံခြားရေးဝန်ကြီးဌာနလက်အောက်မှာ ဌာနအကြီးအကဲတစ်ဦးဖြစ်တဲ့ အဆင့်မြင့် သံတမန် အီဘရာဟင် အယ်လ် ရှာဘီလည်း ပါဝင်ခဲ့ကြောင်း နိုင်ငံခြားရေးဝန်ကြီး တာဟာ ဆီယာလာက ပြောသွားပါတယ်။

တစ်ချိန်တည်းမှာလည်း နိုင်ငံမှာလက်ရှိ ဗြောင်းဆန်နေတဲ့ အခြေအနေတွေကို ထိန်းချုပ်နိုင်စွမ်း ကင်းမဲ့နေကြောင်း ပြည်ထဲရေးဝန်ကြီး ဖာသီ ဘက်ရှ် အက်ဂ်ဟာကလည်း ဝန်ခံသွားခဲ့ပါတယ်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required