ရိုက်တာသတင်းသမားနှစ်ဦး ပြန်လည်လွတ်မြောက်ရန် မိသားစုဝင်များမျှော်လင့်

ရိုက်တာသတင်းသမားနှစ်ဦး ပြန်လည်လွတ်မြောက်ရန် မိသားစုဝင်များမျှော်လင့်
ဓာတ်ပုံ - AFP

ရန်ကုန်၊ ဒီဇင်ဘာ ၂၄ ။         ။ နိုင်ငံတော်လျှို့ဝှက်ချက်များ အက်ဥပဒေနဲ့ ထောင်ဒဏ် ၇ နှစ်ချမှတ်ခံခဲ့ရမှုအပေါ်  ရန်ကုန်တိုင်းဒေသကြီး တိုင်းတရားလွှတ်တော်မှာ အယူခံကြားနာမှုအပြီး ရိုက်တာသတင်းသမားနှစ်ဦးကို ပြန်လည်လွတ်မြောက်လာဖို့ မိသားစုဝင်တွေကမျှော်လင့်နေကြပါတယ်။

စက်တင်ဘာလ ၃ ရက်နေ့မှာ မြောက်ပိုင်းခရိုင်တရားရုံးကနေ ကိုသက်ဦးမောင် (ခ) ကိုဝလုံးနဲ့ ကိုကျော်စိုးဦး (ခ) မိုးအောင်တို့ကို ထောင်ဒဏ်(၇) နှစ်စီကျခံစေဖို့ အမိန့်ချမှတ်ခဲ့တာပါ။ဒါကြောင့် တိုင်းတရားလွှတ်တော်မှာ အဲ့ဒီ့အမိန့်ကိုပြန်ပြင်ဆင်ဖို့အတွက် အယူခံဝင်ခဲ့တာလည်းဖြစ်ပါတယ်။

“ ဒီတရားရုံးမှာ ကိုယ်နဲ့ ကိုယ့်အမျိုးသားနဲ့ပျော်ပျော်ရွင်ရွင်လက်မှတ်ထိုးခဲ့တာပေါ့။ အခုချိန်မှာကျတော့ ကိုယ့်အမျိုးသားရဲ့ အမှုအတွက်လာပြီး အယူခံဝင်ရ တဲ့အချိန်ပေါ့။ ပျော်ရွင်ရတဲ့အချိန်နဲ့ မျှော်လင့်ချက်နဲ့ ရောက်လာတဲ့နေ့နဲ့ တိုက်ဆိုင်နေတာပေါ့။ ကိုယ်ကတော့ ဒီမှာမင်္ဂလာယူခဲ့တာ ဖြစ်တဲ့အတွက် အကောင်းဆုံး မင်္ဂလာရှိတဲ့စကားကြားရမယ်လို့မျှော်လင့်တယ်” လို့ ကိုဝလုံးရဲ့ ဇနီးဖြစ်သူ မပန်းအိဖြူ ကပြောပါတယ်။

ဒီဇင်ဘာ ၂၄ ရက်နေ့က တိုင်းတရားလွှတ်တော်မှာ နှစ်ဖက်ရှေ့နေတွေရဲ့အယူခံလျှောက်လွဲချက်များ အပြန်အလှန်ပေးအပြီးမှာ သတင်းထောက် တွေကိုဖြေကြားခဲ့တာပါ။

မြောက်ပိုင်းခရိုင်တရားရုံးမှာစစ်ဆေးတဲ့အချိန်က လွဲမှားမှုတွေကိုသိရှိအောင် အယူခံဝင်တဲ့အချိန်မှာ သေသေ ချာချာပြောပြခဲ့တယ်လို့လည်း ရိုက်တာသတင်းထောက်များဘက်မှ လိုက်ပါဆောင်ရွက်သူ တရားလွှတ်တော် ရှေ့နေ ဦးသန်းဇော်အောင်က ပြောပါတယ်။

“ ဒီအမှုကတော့ ဝလုံးနဲ့ ကျော်စိုးဦးတို့လွတ်မြောက်လာဖို့ အမိန့်တစ်စုံတရာ ချပေးမယ်လို့ ကျွန်တော် ယုံကြည်ပါတယ်” လို့ သူကဆိုပါတယ်။

ဒါအပြင် အပြီးသတ်အမိန့်ကို တိုင်းတရားလွှတ်တော်ကနေ ဇန်နဝါရီလဆန်းပိုင်းထဲမှာ ချသွားဖို့ရှိနေပြီး အမိန့်မချခင် ၂ ရက်လောက်ကြိုပြီး အယူခံအမိန့်ချမယ့်ရက်ကို အသိပေးမယ်လို့လည်းသိရပါတယ်။

ပြီးခဲ့တဲ့၂၀၁၇ ခုနှစ်ဒီဇင်ဘာလ (၁၂ ) ရက်နေ့မှာ ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့လက်ထဲမှာ လျှို့ဝှက် စာရွက် စာတမ်းတွေ လက်ဝယ်တွေ့ရှိတယ်လို့ဆိုပြီး ထောင်ဒဏ်(၁၄)နှစ်အထိချမှတ်နိုင်တဲ့ နိုင်ငံတော် လျှို့ဝှက်ချက်များ အက်ဥပဒေပုဒ်မနဲ့ ဖမ်းဆီးထိန်းသိမ်းခဲ့တာဖြစ်ပါတယ်။

ရိုက်တာသတင်းသမားတွေရဲ့အမှုမှာ တရားလိုပြသက်သေ ၂၂ ဦး၊ တရားခံပြသက်သေ ၃ ဦးတို့ကို စစ်ဆေးခဲ့ပါတယ်။ ဒါပေမယ့်လည်း အမှုရဲ့ တရားလိုပြသက်သေတွေထဲက ဒုရဲမှူးမိုးရန်နိုင်က ရိုက်တာ သတင်းထောက်နှစ်ဦးကို ထောင်ချောက်ဆင် ဖမ်းဆီးခဲ့တာဖြစ်တယ်လို့ ထွက်ဆိုထားခဲ့ပါတယ်။

အဲ့ဒီလို ထွက်ဆိုခဲ့တဲ့ ဒုရဲမှူးမိုးရန်နိုင်ကို ရဲစည်းကမ်းဖောက်ဖျက်မှုနဲ့ ထောင်ဒဏ်တစ်နှစ် ချမှတ်ခဲ့ပါတယ်။ ရိုက်တာသတင်းသမားတွေဖြစ်တဲ့ ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့ဟာ ၂၀၁၈ ခုနှစ် PEN America က ချီးမြှင့်တဲ့ သတင်းလွတ်လပ်ခွင့်ဆု အပါအဝင် နိုင်ငံတကာက ချီးမြှင့်တဲ့ ဆု သုံးဆုကို  ရရှိထားပါတယ်။

ဒီဆုတွေကိုတော့ အင်းဒင်ကျေးရွာမှာ လူအစုလိုက်အပြုံလိုက် အသတ်ခံခဲ့ရတဲ့ သတင်းကို ဖော်ထုတ်ရေးသား ခဲ့လို့ ရရှိခဲ့တာပါ။ ထောင်ဒဏ် ၇ နှစ်စီချမှတ်ခံခဲ့ရတဲ့ ကိုဝလုံးနှင့်ကိုကျော်စိုးဦးတို့ကို အမြန်ဆုံးပြန်လွတ်ပေးဖို့နဲ့ သတင်းထောက်တွေ သူတို့အလုပ် သူတို့ုလုပ်နေတာတွေကို တရားစွဲဆိုတာတွေ အမြန်ဆုံးရပ်တန့်ပေးဖို့ မြန်မာ အစိုးရကို တိုက်တွန်းပါတယ် ဆိုပြီး မြန်မာနိုင်ငံဆိုင်ရာအမေရိကန်သံရုံးကလည်း သတင်းထုတ်ပြန်ထား ပါတယ်။
    

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly