ဟားခါးတွင် ခရီးသည်တင်ယာဉ် ချောက်ထဲကျပြီး ၅ ဦးသေဆုံး ၊ ၁၇ ဦး ဒဏ်ရာရ

By မွှေးနီ၊ကလေး
23 December 2018
ဟားခါးတွင် ခရီးသည်တင်ယာဉ် ချောက်ထဲကျပြီး ၅ ဦးသေဆုံး ၊ ၁၇ ဦး ဒဏ်ရာရ

ဒီဇင်ဘာ၊ ၂၃ ။           ။ ချင်းပြည်နယ် ၊ ဟားခါးမြို့တွင် ခရီးသည်တင်ယာဉ်တစ်စီး ချောက်ထဲထိုးကျခဲ့ပြီး လူ ၅ ဦးသေဆုံးကာ ၁၇ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ဟားခါးအခြေစိုက် မျှော်လင့်ခြင်းသွေးလှူရှင်အသင်းထံမှ သတင်းရရှိသည်။

ဖြစ်စဉ်မှာ ဒီဇင်ဘာ ၂၂ ရက်နေ့၊ မွန်းလွဲပိုင်းက ကလေးမြို့မှ ဟားခါးမြို့သို့ ထွက်လာသည့် ခရီးသည်ယာဉ်အား ဟားခါးမြို့နယ်၊ သီနမ်းအုပ်စု၊လမ်သုတ်ကျေးရွာနှင့် လုံကျွေးကျေးရွာအနီး မိုင်တိုင် ၄၁ ၊ (၂/၃)ဖာလုံအကြား မှာ အရှိန်မထိန်းနိုင်ဘဲ ပေ ၁၅၀ ခန့်ရှိ ကားလမ်းဘေးချောက်ထဲထိုးကျခဲ့ခြင်းဖြစ်သည်။

ယာဉ်တိမ်းမှောက်မှုကြောင့် ယာဉ်မောင်း မောင်ဘွေလျန်းနှင့်အတူ လမ်းကြုံလိုက်ပါလာကြသူ ၃ ဦး အခင်းဖြစ်ရာ နေရာတွင် သေဆုံးခဲ့ပြီး  ၁ ဦးက ဟားခါးမြို့ ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်စဉ် လမ်းတွင် သေဆုံးခဲ့ကာ ကျန် ၁၇ ဦးမှာ ဒဏ်ရာရစုုိးရိမ်ရသူ ၃ ဦး၊ မစိုးရိမ်ရ ဒဏ်ရာရသူ ၁၄ ဦးကို ဟားခါးဆေးရုံကြီးသို့ ပို့ဆောင်၍ ဆေးကုသမှုခံယူနေခြင်းဖြစ်သည်။

အဆိုပါကိစ္စနှင့်ပတ်သက်၍ ယာဉ်အား မဆင်မခြင်မောင်းနှင်သူကို ရဲအုပ်ကိုကိုမောင်က တရားလိုပြုလုပ်ကာ ရာဇသတ်ကြီးဥပဒေ ပုဒ်မ ၃၀၄ – က /၃၃၈/၃၃၇ ဖြင့် အမှုဖွင့် အရေးယူဆောင်ရွက်နေကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly