တပ်မတော်မှ စစ်ဆင်ရေးများ ယာယီရပ်မည့်အပေါ် NCA-EAOs များကြိုဆို

တပ်မတော်မှ စစ်ဆင်ရေးများ ယာယီရပ်မည့်အပေါ် NCA-EAOs များကြိုဆို

ရန်ကုန်၊ ဒီဇင်ဘာ ၂၂ ။                            ။ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် ငြိမ်းချမ်းရေးဆွေးနွေးမှုများပြုလုပ်နိုင်ရန်အတွက် တပ်မတော်ဘက်က စစ်ဆင်ရေးများအား ယာယီရပ်ဆိုင်းခြင်းအပေါ် အပစ်ရပ်လက်မှတ်ရေးထိုးထားသော NCA-EAOs အဖွဲ့များကကြိုဆိုလိုက်သည်။

ထို့အပြင်တပ်မတော်မှTNLA ၊ MNDAA ၊ AA တို့ကိုငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင်ပါဝင်ခွင့်ပြုခြင်းသည် မူဝါဒဖြေလျော့မှုတစ်ခုဖြစ်ပြီး ငြိမ်းချမ်းရေးအတွက် အပေါင်းလက္ခဏာဆောင်ကြောင်း KNU မှဒီဇင်ဘာ ၂၂ ရက်တွင်ထုတ်ပြန်ခဲ့သည်။

စစ်ဆင်ရေးနယ်မြေအလိုက် စစ်ရေးဆိုင်ရာလှုပ်ရှားမှုအားလုံးကိုရပ်ဆိုင်းပေးခြင်းသည် အပြုသဘောဆောင်သည့် လုပ်ဆောင်ချက်ဖြစ်သော်လည်း ပဋိပက္ခဖြစ်ပွားနေသည့် နယ်မြေတချို့ကို ချန်ထားခြင်းနှင့် ရပ်ဆိုင်းချိန် ၄လ ခန့်သာရှိသည်ကိုလည်းတွေ့ရကြောင်း KNU ၏ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

ထို့ကြောင့် ရေရှည်တည်မြဲသည့်ငြိမ်းချမ်းရေးကိုရှေးရှုကာတပ်မတော်အနေဖြင့် တစ်နိုင်ငံလုံးဆိုင်ရာအပစ်အခတ်ရပ်စဲရေးကိုကြေညာပေးရန်လည်း KNU မှရေးသားတောင်းဆိုလိုက်သည်။
“ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးနှင့် ထာဝရငြိမ်းချမ်းရေးအတွက် ထုတ်ပြန်ချက်” ဆိုသည့် ထုတ်ပြန်ချက်တစ်စောင်ကိုဒီဇင်ဘာ ၂၁ ရက်နေ့ကဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် သတင်းမီဒီယာကောင်စီအဖွဲ့ဝင်များတွေ့ဆုံသည့် ပွဲတွင် ထုတ်ပြန်ကြေညာခဲ့ခြင်းဖြစ်သည်။

တပ်မတော်အနေဖြင့် ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ် (မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် ၊ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် ၊အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်နှင့် တြိဂံဒေသတိုင်းစစ်ဌာနချုပ် နယ်မြေ ) များရှိအပစ်ရပ်စာချုပ် လက်မှတ်မထိုးရသေးသည့်  တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် တစ်ဖွဲ့ချင်းစီညှိနှိုင်းဆွေးနွေးသွားရန် လိုအပ်သည်ဟုလည်းယင်းထုတ်ပြန်ချက်တွင် ရေးသားထားသည်။

အဆိုပါထုတ်ပြန်ချက်ကြောင့် ယုံကြည်မှုတည်ဆောက်ခြင်းကိုပိုမိုခိုင်မာစေပြီးဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရာတွင်တွန်းအားပေးစေခြင်းတို့ကြောင့် သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) ကလည်းထောက်ခံကြောင်းပြောဆိုခဲ့သည်။

“ညှိနှိုင်းဆွေးနွေးမှုများ ပြုလုပ်နိုင်ရန် ၂၀၁၈ ခုနှစ် ဒီဇင်ဘာ ၂၁ ရက်နေ့ မှ ၂၀၁၉ ခုနှစ် ဧပြီ ၃၀ ရက်အထိစစ်ဆင်ရေးနယ်မြေအလိုက် စစ်ရေးဆိုင်ရာလှုပ်ရှားမှုများအားလုံးကိုရပ်ဆိုင်းပေးပါမည်” ဟုတပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးကသတင်းထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

တပ်မတော်ဘက်မှ စစ်ဆင်ရေးရပ်ဆိုင်းပေးမည့် နယ်မြေများတွင် KIA ၊ TNLA ၊ MNDAA ၊ AA စသည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များလှုပ်ရှားနေသည့် နေရာများလည်း ဖြစ်သည်။ထို့အပြင် တပ်မတော်ဘက်မှ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် ညှိနှိုင်းဆွေးနွေးရန် ဒုတိယဗိုလ်ချုပ်ကြီးရာပြည့် ဦးဆောင်သည့် အရာရှိကြီးများအပါအဝင် သက်ဆိုင်ရာနယ်မြေများရှိစစ်တိုင်းမှူးများပါဝင်သည့် ညှိနှိုင်းဆွေးနွေးရေးအဖွဲ့ကိုဖွဲ့စည်းပေးသွားမည်ဟုလည်းဆိုသည်။

တပ်မတော်မှ ဖွဲ့စည်းပေးထားသည့် ညှိနှိုင်းဆွေးနွေးရေးအဖွဲ့သည် အပစ်ရပ်စာချုပ် လက်မှတ်ရေးထိုးထားသည့် အဖွဲ့(၁၀)ဖွဲ့နှင့်လည်းလိုအပ်ပါကတစ်ဖွဲ့ချင်းအလိုက် ဆွေးနွေးသွားမည်ဟုလည်းဆိုသည်။

ထို့အပြင် သဘောတူစာချုပ်များအတိုင်းကတိတည်ရန် ၊ ငြိမ်းချမ်းရေးသဘောတူညီချက်များအပေါ် အမြတ်မထုတ်ရန် ၊ ဒေသခံပြည်သူများအပေါ် ဝန်ထုတ်ဝန်ပိုးမဖြစ်စေရန် ၊ နိုင်ငံတော်ကထုတ်ပြန်ထားသည့် တည်ဆဲဥပဒေများကိုလိုက်နာရန် ဆိုသည့်အချက်များကိုလိုက်နာရမည်ဟုလည်းတပ်မတော်ကသတိပေးထားသည်။
တပ်မတော်အနေဖြင့် ၂၀၂၀ ပြည့်နှစ်တွင် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ ပြီးမြောက်စေရန် ဆုံးဖြတ်ထားခြင်းကြောင့် သတ်မှတ်လုပ်ငန်းစဉ်များ အောင်မြင်သည်အထိ ဆက်လက်အကောင်အထည်ဖော်ဆောင်ရွက်သွားကြရမည်ဟုလည်းတပ်ချုပ်ကပြောဆိုထားဖူးသည်။

 

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly