ဗိုလ်အောင်ကျော်လမ်းနှင့် အ.ထ.က (၁) ပုဇွန်တောင်တို့တွင် အပြာရောင်ကမ္ဗည်းပြားများတပ်ဆင်

ဗိုလ်အောင်ကျော်လမ်းနှင့် အ.ထ.က (၁) ပုဇွန်တောင်တို့တွင် အပြာရောင်ကမ္ဗည်းပြားများတပ်ဆင်

ရန်ကုန်၊ ဒီဇင်ဘာ ၂၀ ။             ။ ရန်ကုန်မြို့ပြအမွေအနှစ်ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ (YHT) မှ မြို့တော်စည်ပင်၊ ရွိုင်ရယ်ဖီးလစ် ကော်ပို ရေးရှင်းတို့နှင့်ပူးပေါင်းကာ ရန်ကုန်မြို့ ရှိ  ဗိုလ်အောင်ကျော်လမ်းနှင့် အ.ထ.က (၁) ပုဇွန်တောင်တို့တွင် အပြာရောင် ကမ္ဗည်းပြားများကို တပ်ဆင်ခဲ့သည်။

ဗိသုကာလက်ရာအရ အရေးပါသောသမိုင်းဝင်အဆောက်အအုံများကို ကာကွယ်ရန်နှင့် ရန်ကုန်မြို့ သမိုင်းကို ထိန်းသိမ်းစောင့်ရှောက်နိုင်ရန် အဆိုပါအပြာရောင် ကမ္ဗည်းပြားများကိုတပ်ဆင်နေခြင်းဖြစ်ပြီး ဒီဇင်ဘာ ၂၀ ရက်နေ့အထိ  ၂၆ ခုမြောက် တပ်ဆင်ပြီးစီးခဲ့ခြင်းလည်းဖြစ်သည်။

“ ဗိုလ်အောင်ကျော်ကျဆုံးခဲ့တဲ့လမ်းမကြီးဖြစ်ပါတယ်။ ဒီအတွက် ဒီလမ်းမကြီးကို လွှတ်လပ်ရေးရပြီးတဲ့အချိန်မှာ ဗိုလ်အောင်ကျော်လမ်းအဖြစ် ပြောင်းလဲ သတ်မှတ်ခဲ့တာဖြစ်ပါတယ်။ ဒီသမိုင်းကို ထိန်းသိမ်းထားနိုင်ဖို့နဲ့ ဒီသမိုင်းကြောင်းကို နောင်မျိုးဆက်တွေ သိရှိထားနိုင်ဖို့အတွက် ဒီနေ့ အပြာရောင် Plate ပြားကို တပ်ဆင်တာဖြစ် ပါတယ်” ဟု ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းကပြောသည်။

 

တတိယကျောင်းသားသပိတ်ဟုတင်စားခေါ်ဝေါ်ကြသည့် အရေးတော်ပုံဖြစ်ပွားခဲ့သည့် ၁၉၃၈ ခုနှစ် ဒီဇင်ဘာ ၂၀ ရက်တွင် ကျောင်းသားများသည် အတွင်ဝန်ရုံးဝင်ပေါက်များကိုပိတ်၍ ဆန္ဒပြခဲ့ကြသည်။အဆိုပါ ဆန္ဒပြမှုကို ပုလိပ်များက မြင်းစီးကာ နံပတ်တုတ်ဖြင့်ရိုက်၍ဖြိုခွင်းခဲ့စဉ် ကျောင်းသား ကိုအောင်ကျော် အပါအဝင်ကျောင်း သားများ ဒဏ်ရာရခဲ့ပြီး ၁၉၃၈ ခုနှစ် ဒီဇင်ဘာ ၂၂ ရက်တွင် ရန်ကုန်တက္ကသိုလ်ဆေးရုံ၌ ကွယ်လွန် ခဲ့သည်။

 

ဗိုလ်အောင်ကျော်လမ်းသည် ၂၅ ခုမြောက် ကမ္ဗည်းပြားတပ်ဆင်ခဲ့ခြင်းဖြစ်ပြီး ၂၆ ခုမြောက် ကမ္မည်းပြားကို အဆိုပါနေ့မှာပင် အ.ထ.က (၁) ပုဇွန်တောင်တွင်သွားရောက်တပ်ဆင်ခဲ့သေးသည်။

 

“ အ.ထ.က (၁) ပုဇွန်တောင်ကတော့ နှစ် ၁၀၀ ပြည့်အဆောက်အအုံလည်းဖြစ်ပါတယ်။ ပြီးတော့ သမိုင်းဝင် အမွေအနှစ်လက်ရာ တွေလည်းကျန်သေးတယ်ပေါ့နော်။ ဒီ ၂၀၁၈ ထဲမှာ ပါအောင်ပေါ့။ နှစ် ၁၀၀ ပြည့်နဲ့လည်း ကိုက်အောင် ကျွန်တော်တို့ အပြာရောင် ကမ္ဗည်းပြားတပ်ဆင်ရတာဖြစ်ပါတယ်” ဟု ရန်ကုန်မြို့ပြအမွေအနှစ် ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ (YHT) မှ စီမံချက်အရာရှိ ကို သူရိန်အောင် ကပြောသည်။

၂၀၁၈ ခုနှစ်တွင် ဗိုလ်အောင်ကျော်ကွယ်လွန်ခဲ့သည့် နှစ် ၈၀ ပြည့်ဖြစ်ပြီး အ.ထ.က (၁) ပုဇွန်တောင် ကျောင်းတည်ထောင်ခဲ့သည့် နှစ် ၁၀၀ ပြည့်နှစ်လည်းဖြစ်သည်။

 

ရန်ကုန်မြို့၏သမိုင်းကို အထိရောက်ဆုံးနှင့် ထင်သာမြင်သာအရှိဆုံး ဖော်ပြနိုင်မည့်နည်းလမ်းများအနက် အပြာရောင်ကမ္ဗည်းပြားများ တပ်ဆင်ခြင်းသည် နည်းလမ်းတစ်ခုဖြစ်ကြောင်း ကမ္ဗည်းပြား တပ်ဆင်သူများက ဆိုသည်။

 

ရန်ကုန်မြို့၏ ပထမဆုံး အပြာရောင်ကမ္ဗည်းပြားကို ၂ဝ၁၄ ခုနှစ်၊ သြဂုတ် ၉ ရက်တွင် မြို့၏ သမိုင်းဝင် အဆောက်အအုံတစ်ခုဖြစ်သော မြို့တော်ခန်းမတွင် စတင်တပ်ဆင်ခဲ့ခြင်းလည်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly