ဒီဇင်ဘာ ၁၇ ။ ။ မိုဇမ်ဘစ်နိုင်ငံကနေ ပို့လွှတ်လိုက်တဲ့ ကွန်တိန်နာတစ်လုံးထဲမှာ ဝှက်ထားတဲ့ အာဖရိက ဆင်စွယ် ၃ ဒသမ ၂ တန်ကျော်ကို ဖမ်းဆီးရမိခဲ့ကြောင်း ကမ္ဘောဒီးယား အကောက်ခွန် အရာရှိတစ်ဦးက ပြောပါတယ်။
အမေရိကန်သံရုံးကနေ သတင်းပေးမှုကို ရပြီးနောက် ဒီဇင်ဘာ ၁၃ ရက်က ဖနွမ်ပင် ဆိပ်ကမ်းမှာ ဆင်စွယ် ၁,၀၂၆ ချောင်းကို ရှာတွေ့ခဲ့တာ ဖြစ်ပါတယ်။
ယင်း ကွန်တိန်နာကတော့ ယမန်နှစ်ကတည်းက နိုင်ငံကို ရောက်နေခဲ့တာဖြစ်ပြီး နာမည်မသိရတဲ့ လက်ခံမယ့် ပိုင်ရှင်ကလည်း ဆိပ်ကမ်းကို လာထုတ်ယူခြင်း မရှိခဲ့တာဖြစ်ပါတယ်။
တရုတ်နဲ့ ဗီယက်နမ်တို့မှာ ဝယ်လိုအား ကောင်းမှုကြောင့်လည်း ကမ္ဘောဒီးယားအနေနဲ့ တရားမဝင် တောရိုင်းတိရိစ္ဆာန် ကုန်သွယ်မှုအတွက် အဓိကကျတဲ့ သယ်ယူပို့ဆောင်ရေး လမ်းကြောင်းနေရာတစ်ခု ဖြစ်လာနေလျက် ရှိပါတယ်။
ဒီလိုမျိုး ဆင်စွယ်တွေ တွေ့ရှိတဲ့ ကွန်တိန်နာကတော့ အခြား နိုင်ငံတွေဆီ ထပ်ပို့ဖို့ ရည်ရွယ်သလားဆိုတာတော့ သေချာမသိရသေးကြောင်း ဆိပ်ကမ်း အကောက်ခွန် ညွှန်မှူး ဆန် ချဟေးက ပြောသွားပါတယ်။