ပေကျင်း၊ ဒီဇင်ဘာ ၁၀ ။ ။ ကနေဒါမှာ အမေရိကန်ရဲ့ ဖမ်းဝရမ်းနဲ့ နည်းပညာကုမ္ပဏီကြီး ဟွာဝေးက အမှုဆောင်အရာရှိကို ဖမ်းဆီးတာကို တနင်္လာနေ့မှာ တရုတ်နိုင်ငံက ထပ်မံ ကန့်ကွက်လာပါတယ်။
ဟွာဝေးတည်ထောင်သူရဲ့ သမီးလည်း ဖြစ်ပြီး ဘဏ္ဍာရေးအရာရှိချုပ်ဖြစ်သူ မန်ဝန်ကျို့အနေနဲ့ ခုလို ဖမ်းဆီးခံရရာမှာ ကျန်းမာရေးအခြေအနေကြောင့် အာမခံရဖို့ ကြိုးစားနေရတာဟာဆိုရင် လူမဆန်တဲ့ ရက်စက်မှုဖြစ်တယ်လို့ တရုတ်နိုင်ငံက ရှုတ်ချပြောဆိုပါတယ်။
ကနေဒါနိုင်ငံ ဗန်ကူးဗားမြို့မှာ ဒီကနေ့ တနင်္လာနေ့ နှောင်းပိုင်းမှာ တရားရုံးက မန်ဝန်ကျို့ကို အာမခံ ပေးမပေး ဆုံးဖြတ်စီရင်မှာ ဖြစ်ပါတယ်။
ဒီဇင်ဘာ ၁ ရက်မှာ မန်ဝန်ကျို့ကို ဖမ်းဆီးလိုက်တာဟာ တရုတ်နိုင်ငံအတွက် အမျက်ထွက်စရာဖြစ်နေပြီး စတော့စျေးကွက်တွေလည်း လှုပ်ခတ်ကုန်ပါတယ်။
အမေရိကန်-တရုတ် ကုန်သွယ်ရေးစစ်ပွဲ ယာယီအပစ်ရပ်ထားချိန်မှာ တင်းမာမှုတွေ မြင့်မားလာစေတဲ့ ဖမ်းဆီးမှုလည်း ဖြစ်နေပါတယ်။
ပြီးခဲ့တဲ့ စနေ၊ တနင်္ဂနွေမှာ တရုတ်နို်င်ငံခြားရေး ဒုတိယဝန်ကြီးက ကနေဒါနဲ့ အမေရိကန် သံအမတ်ကြီးတွေကို သမ္မန်ဆင့်ခေါ်ပြီး အမေရိကန်အနေနဲ့ မန်ဝန်ကျို့အား ဖမ်းဝရမ်းထုတ်ထားတာကို ပြန်လည်ရုပ်သိမ်းရန် တောင်းဆိုပြီး ကနေဒါကိုတော့ နောက်ဆက်တွဲ ဝမ်းနည်းဖွယ် အကျိုးဆက်တွေ ကြုံရလိမ့်မယ်လို့ သတိပေး ပြောလိုက်တာ ဖြစ်ပါတယ်။
အသက် ၄၆ နှစ်ရှိ မန်ဝန်ကျို့ဟာ အီရန်အပေါ် ချမှတ်ထားတဲ့ ဒဏ်ခတ်ပိတ်ဆို့မှုကို ချိုးဖောက်တာနဲ့ ပတ်သက်တဲ့ လိမ်လည်မှုနဲ့ အမေရိကန်က အမှုဖွင့်ထားတာ ဖြစ်ပါတယ်။