ပါရီ၊ ဒီဇင်ဘာ ၃ ။ ။ စီစဉ်ထားတဲ့ လောင်စာဆီစျေးနှုန်း တိုးမြှင့်ရေးကို ခြောက်လအထိ ဆိုင်းငံ့ထားမှာ ဖြစ်တယ်လို့ ပြင်သစ်ဝန်ကြီးချုပ် အစ်ဝတ်ဒ်ဖယ်ပီဟာ အင်္ဂါနေ့မှာ ကြေညာရင်း စွပ်ကျယ်ဝါဝတ် ဆန္ဒပြသူတွေကို လိုက်လျောလိုက်ပါတယ်။
“နိုင်ငံရဲ့ စည်းလုံးညီညွတ်မှုကို အန္တရာယ်ထဲ တွန်းပို့မယ့် ဘယ်လိုအခွန်အကောက်မျိုးမှ မရှိစေရပါဘူး။”လို့ ရုပ်မြင်သံကြား မိ်န့်ခွန်းကနေ ဝန်ကြီးချုပ် ဖယ်ပီဟာ ကြေညာရင်း “တကယ့် မမျှတမှုတွေဟာ လမ်းပေါ်က စိတ်ဆိုးဒေါသထွက်မှုတွေကို ဖြစ်စေပါတယ်။ ဒီ မမျှတမှုတွေဟာလည်း ဂုဏ်သိက္ခာမဲ့ လုပ်ရပ်တွေပဲ ဖြစ်ပါတယ်။”လို့ ဖြည့်စွက်ပြောခဲ့ပါတယ်။
ဒါအပြင် နောက်ထပ် ဘယ်လိုဆန္ဒပြမှုမျိုးကိုမဆို ကြိုတင်ကြေညာပြီးမှ လုပ်ဆောင်သင့်ပြီး ငြိမ်းငြိမ်းချမ်းချမ်း ဆန္ဒပြကြစေချင်ကြောင်းလည်း ၎င်းက ပြောခဲ့ပါတယ်။
ပြင်သစ်နိုင်ငံမှာ လောင်စာခွန် တိုးမြှင့်မယ့် အစိုးရရဲ့ အစီအစဉ်ကို စွပ်ကျယ်ဝါဝတ် လှုပ်ရှားမှုအဖြစ် ဆန္ဒပြကြရာက ဆူပူမငြိမ်မသက်မှုတွေ သီတင်းပတ်တွေကြာ ဖြစ်ပွားနေခဲ့တာပါ။
ဒီ ဆန္ဒပြဆူပူမှုတွေအရေးအတွက် သမ္မတ မက်ခရွန်ဟာ အရေးပေါ် ကက်ဘိနက်အစည်းအဝေး ခေါ်ယူခဲ့ပြီးနောက်မှာ ခုလို ဝန်ကြီးချုပ်က ရုပ်မြင်သံကြားကနေ စီစဉ်ထားတဲ့ လောင်စာခွန် တိုးမြှင့်မယ့် ကိစ္စကို ရွှေ့ဆိုင်းကြောင်း ကြေညာခဲ့တာပဲ ဖြစ်ပါတယ်။