မန္တလေး၊ ဒီဇင်ဘာ ၃ ။ ။ ယမန်နေ့ ဒီဇင်ဘာလ ၂ ရက်နေ့ ညပိုင်းက မန္တလေးမြို့၊နန်းမြို့တွင်းမှာ ဆက်သွယ်ရေးကေဘယ်လ်ကြိုးများ ထားရှိသည့် တပ်မတော်ပိုင်ဂိုထောင် မီးလောင်ခဲ့သည့် အကြောင်းရင်းကို ဒီဇင်ဘာလ ၃ ရက်၊မွန်းလွဲ ၁ နာရီအထိ မသိရသေးကြောင်း မန္တလေးခရိုင် မီးသတ်တပ်ဖွဲ့မှ သိရသည်။
"မီးလောင်တဲ့ အကြောင်းအရင်းကတော့ မသိရသေးဘူး ။ မီးလောင်မှုဆုံးရှုံးမှုပမာဏတော့ တွက်ထားပြီးပြီ။ ဒီနေ့ ညနေပိုင်း အချိန်လောက်တော့ မီးလောင်တဲ့အကြောင်းအရင်း သိရနိုင်ပါတယ်။"ဟု မန္တလေးခရိုင်၊ မီးသတ်တပ်ဖွဲ့မှ အမည်မဖော်လိုသည့် တပ်ဖွဲ့ဝင်တစ်ဦးက မဇ္ဈိမကို ပြောသည်။
မန္တလေးခရိုင်မီးသတ်တပ်ဖွဲ့၏ လတ်တလော ထုတ်ပြန်ချက်ထဲတွင် တပ်မတော်ဆက်သွယ်ရေး ဂိုထောင် အဟောင်း ၁၆ပေ-၃ဝပေ၊အုတ်ကြွပ်မိုး၊နံကပ် ၁ ထပ်တစ်လုံးနှင့်ဆက်စပ်ပစ္စည်းဟောင်းများ မီးလောင်ဆုံးရှုံးခဲ့ပြီး စုစုပေါင်း ဆုံးရှုံးမှုတန်ဖိုးမှာ ၆ သိန်းကျပ် ဖြစ်သည်ဟု ပါရှိသည်။
မီးလောင်မှုနှင့်ပတ်သက်၍ အောင်မြေသာစံမြို့နယ်အတွင်းမှ အပိုင်နယ်မြေရဲစခန်းများတွင် အမှုဖွင့်ထားခြင်း မရှိသေးကြောင်းနှင့် တပ်တွင်းဖြစ်ပွားသည့်အတွက် စုံခုံစစ်ဆေးမှုများ ပြုလုပ်သွားရန်သာရှိနိုင်ကြောင်း မန္တလေးခရိုင် မီးသတ်တပ်ဖွဲ့မှ အမည်မဖော်လိုသည့် တပ်ဖွဲ့ဝင်တစ်ဦးက သုံးသပ်ပြောဆိုသည်။
ဖြစ်စဉ်မှာ ယမန်နေ့ည ဒီဇင်ဘာလ ၂ ရက်၊ည ၁၁ နာရီ၊၃၀ မိနစ်ခန့်က စတင်လောင်ခဲ့သောမီးသည် ဒီဇင်ဘာ ၃ ရက် နံနက်ပိုင်း ၃ နာရီခန့်အထိ ငြိမ်းသတ်ခဲ့ရသည်ဟုလည်း သိရသည်။
မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံမြို့နယ်၊ နန်းတော်ဝင်းအတွင်းရှိ နန်းတွင်းဆက်သွယ်ရေးဂိုထောင် မီးလောင်မှုဖြစ်ပွားကြောင်းသတင်းရရှိသဖြင့် မီးသတ်ဦးစီးဌာနမှ Level 2 ယာဉ်အုပ်စုများ ထွက်ခွာငြှိမ်း သတ်ခဲ့ရခြင်း ဖြစ်သည်။