ဓာတ်မီးတိုင် စိုက်ထူမှုနှင့် ပတ်သက်၍ အငြင်းပွားမှုဖြစ်ပွား

ဓာတ်မီးတိုင် စိုက်ထူမှုနှင့် ပတ်သက်၍ အငြင်းပွားမှုဖြစ်ပွား

နိုဝင်ဘာ ၂၅၊ မုံရွာ ။           ။ စစ်ကိိုင်းတိုင်းဒေသကြီး မုံရွာမြို့နယ် ညောင်ဖြူပင်ကျေးရွာအုပ်စု၊ မှန်ရိုးကုန်းကျေးရွာတွင် လျှပ်စစ်ဓာတ်မီးတိုင် စိုက်ထူ သွယ်တန်းမှုနှင့် ပတ်သက်၍ မီးလင်းရေးကော်မတီနှင့် ဒေသခံများကြား အငြင်းပွားနေကြသည်။

မှန်ရိုးကုန်း ကျေးရွာနှင့် ကျောင်းစုကျေးရွာတို့အား အမျိုးသားဓါတ်အားရရှိရေးစီမံကိန်း အစီအစဉ်ဖြင့် ဓာတ်မီးတိုင် စိုက်ထူသွယ်တန်းခြင်းလုပ်ငန်းကို မြို့နယ်လျှပ်စစ်ဖြန့်ဖြူးရေးလုပ်ငန်းမှ ဆောင်ရွက် နေခြင်းဖြစ်သည်။

သို့ရာတွင် မီးတိုင်များအား ကျေးရွာအိမ်ခြံများမှ ဖြတ်သန်းသွယ်တန်းလျှင် နေထိုင်သူများအတွက် အသက် အန္တရာယ်စိုးရိမ်ရသည်ဟုဆိုကာ မှန်ရိုးကုန်းကျေးရွာသားများမှ ကန့်ကွက်လိုက်ပြီး  ကျေးရွာ မြောက်ဘက်ရှိ ယာကွက်များမှသာ သွယ်တန်းဖို့ တောင်းဆိုရာမှ ယခုလို အငြင်းပွားလာရခြင်း ဖြစ်သည်။

“ပြဿနာက နဂိုကတည်းက ညှိညှိနှိုင်းနှိုင်းမလုပ်ခဲ့လို့။ နဂိုကတည်းက စခဲ့တာပါ။ အခု ဒီလိုင်းဆိုတာလဲ ကိုယ်ထူ ကိုယ်ထလုပ်ခဲ့တာ။ အခုက LED ပိုင်းလော့ပရော့ဂျက်ပေါ့။ နိုင်ငံတော်က မှန်ရိုးကုန် ထရန်စဖော်မာ ကနေ ကျောင်းစုထရန်စဖော်မာ ဝင်အောင်လုပ်ပေးတာ။ အဲ့ဒီမှာ ပြဿနာက မှန်ရိုးကုန်ရွာ အနေနဲ့ အသက် အန္တရာယ် စိုးရိမ်တဲ့အတွက် ရွာထဲက ဖြတ်မဆွဲရင် မကန့်ကွက်ဘူး။ ရွာမြောက်ဘက်က လယ်ကွင်း တွေရှိတယ်။ အဲ့လယ်ကွင်းတွေထဲက ဆွဲပါ။ ကျွန်တော်အနေနဲ့လည်း အကယ်၍များ ဓာတ်တိုင်စိုက်မယ့် အဲ့ဒီ လယ်ကွင်းတွေထဲက မှန်ရိုးကုန်းက တောင်သူတွေ ဆိုတောင်မှ ဘာမှမဖြစ်စေရဘူး ညှိနှိုင်းပေးမယ်” ဟု ညောင်ဖြူပင် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှုး ဦးမင်းမင်းမှ မဇ္ဇျိမသို့ ပြောသည်။

နိုဝင်ဘာ ၂၅ ရက်နေ့ နံနက် ၁၀ နာရီဝန်းကျင်အချိန်ခန့်က ထိုကျေးရွာသို့ လျှပ်စစ်ဓာတ်မီးတိုင်စိုက်ထူမည့် ကိစ္စနှင့် စပ်လျဉ်း၍ မုံရွာခရိုင်ရဲမှူး (ခေတ္တခရိုင်စီ/ခန့်ဥက္ကဌ) ဦးစီးအဖွဲ့၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစီးအဖွဲ့၊ မြို့နယ်လျှပ်စစ် မန်နေဂျာ ဦးစီးအဖွဲ့တို့ လာရောက်ခဲ့သည်။

၎င်းအချိန်တွင် မှန်ရိုးကုန်းကျေးရွာသား ၂၀ ကျော် ရောက်ရှိနေပြီး ဒေသခံများ၏ ကန့်ကွက်ကြောင်း ကိစ္စအား နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ထံ တင်ပြထားသည်ကို သိရှိရန် အဆိုပါ တာဝန်ရှိသူများကိုပါ ဆက်လက် တင်ပြခဲ့ကြသည်။

ထို့နောက် ဓါတ်တိုင်သွယ်တန်းစိုက်ထူခြင်းကို ခေတ္တဆိုင်းငံထားရန်နှင့် ကျေးရွာအတွင်း လျှပ်စစ်အန္တရာယ်ရှိမရှိ စိစစ်ရန် ကျောင်းစုကျေးရွာ မီးလင်းရေးကော်မတီနှင့် ညှိနှိုင်းဆောင်ရွက်သွားကြဖို့ ဆုံးဖြတ်ခဲ့ကြသည်ဟု သိရသည်။

ကျောင်းစုကျေးရွာမီးလင်းရေးကော်မတီသို့ မဇ္စျိမက ဆက်သွယ်မေးမြန်းနိုင်ရန် ကြိုးပမ်းခဲ့သော်လည်း မရရှိခဲ့ပါ။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly