မန္တလေး၊ နိုဝင်ဘာ ၁၇ ။ ။ မန္တလေးမြို့တော် စိမ်းလန်းစိုပြေစေရေးအတွက် မြို့အတွင်းရှိ သစ်ပင်များကိုခုတ်လှဲပါက စည်ပင်သာယာရေး ကော်မတီသို့ ခွင့်ပြုချက်ယူရမည်ဖြစ်ပြီး သစ်တစ်ပင်ခုတ်လှဲလျှင် သုံးပင်ပြန်လည်စိုက်ပျိုးပေးရမည်ဟု မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီဝင် ဦးစောဟန်ကပြောသည်။
"အဓိကရည်ရွယ်တာကတော့ မြို့တော်အတွင်းမှာရှိတဲ့ သစ်ပင်တွေကို ထိန်းသိမ်းတာပါ။မခုတ်သင့်တဲ့ အပင် တွေ ခုတ်မှာစိုးလို့ ထိန်းသိမ်းတာပါ။မဖြစ်မနေခုတ်မယ်ဆိုရင် သုံးပင်စိုက်ပေးမယ်ဆိုတဲ့ ခံဝန်ချက်ထိုးပြီးမှ ခုတ်ခွင့်ပေးမှာပါ။"ဟု ဦးစောဟန်ကပြောသည်။
မန္တလေးမြို့တော် စိမ်းလန်းစိုပြေရေးအတွက် မြို့တော်စည်ပင်သာယာရေးကော်မတီ ပန်းဥယျာဉ် နှင့် ကစား ကွင်းများဌာနက ဆောင်ရွက်လျက်ရှိပြီး လမ်းတိုးချဲ့မှုများပြုလုပ်ရာတွင်လည်း သစ်ပင်များကို ခုတ်လှဲခွင့် မပြုတော့ဘဲ အပင်လိုက်ရွှေ့ပြောင်း စိုက်ပျိုးမှုများ ပြုလုပ်လျက်ရှိကြောင်းသိရသည်။
သစ်ပင်ခုတ်လှဲရန် စည်ပင်သာယာရေးကော်မတီထံသို့ တင်ပြလာပါက ခုတ်သင့် မခုတ်သင့်ကို ကွင်းဆင်း စစ်ဆေးမှုများ ပြုလုပ်မည်ဟု သိရပြီး လျှပ်စစ်ဌာန၊ ဆောက်လုပ်ရေးဌာန၊ လမ်းတံတားဌာနနှင့် အခြားသော အစိုးရဌာနဆိုင်ရာများဖြင့်လည်း သစ်ပင်ခုတ်လှဲရခြင်းများ ရှိလာပါက ဌာနချင်းချိတ်ဆက်ကာ ဆောင်ရွက် သွားမည်ဖြစ်ကြောင်း သိရသည်။