ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ပြည်ပလေကြောင်းလိုင်း ၄ ခု ထပ်မံတိုးချဲ့ပြေးဆွဲလာနိုင်ကြောင်း လေဆိပ်ဝန်ဆောင်မှု နှင့် စီမံခန့်ခွဲမှုလုပ်ငန်းများ တာဝန်ယူဆောင်ရွက်လျက်ရှိသော Yangon Aerodrome ကုမ္ပဏီလိမိတက်မှ သိရသည်။
"အာရှဒေသတွင်းမှာရှိတဲ့ လေကြောင်းလိုင်းတွေ ဝင်ရောက်လာဖို့ရှိပါတယ်။ ဒီလပိုင်းအတွင်းမှာလာမယ်လို့ မျော်လင့်ရပါတယ်။ ဒီရက်ပိုင်းမှာပဲ စီချွမ်အဲလိုင်း လာဆင်းသွားတယ်။ နောက်ပိုင်းကလည်း အဲလိုင်း ၄ ခု လာတာနဲ့အမျှ အလုပ်အကိုင်အခွင်အလမ်းတွေလည်း အဆင်ပြေလာနိုင်မယ်" ဟု Chief Operating Officer Mr. Jose Angejia က ပြောသည်။
ယင်းကုမ္ပဏီမှ မီဒီယာတွေ့ဆုံပွဲတစ်ရပ်ကို နိုဝင်ဘာလ ၁၅ ရက်က ရန်ကုန်လေဆိပ်တွင် ပြုလုပ်ခဲ့ပြီး ပြောဆိုလိုက်ခြင်း ဖြစ်သည်။
ယခုရက်ပိုင်းတွင် တရုတ်လေကြောင်းလိုင်းတစ်လိုင်းနှင့် ဥရောပလေကြောင်းလိုင်းတစ်လိုင်း ရန်ကုန်လေဆိပ် သို့ လာရောက်ဆင်းသက်ခဲ့ကြောင်း ယင်းကုမ္ပဏီမှ သိရသည်။ ပြည်တွင်းသို့ ကမ္ဘာလှည့်ခရီးသည်များ ဝင်ရောက်စေရန်အတွက် Tourism Promotion များကိုလည်း ပြင်ဆင် လုပ်ဆောင်နေကြောင်း မြန်မာနိုင်ငံ ခရီးသွားအဖွဲ့ချုပ်မှ သိရသည်။
"ဟိုတယ်နဲ့ခရီး ဝန်ကြီးဌာနနဲ့ ပူးပေါင်းပြီး Tourism Promotion တွေကို နိုင်ငံတကာမှာလည်းလုပ်နေတယ်။ ပြည်တွင်းမှာလည်း ပြင်ဆင်ရေးလုပ်ငန်းတွေကိုအများကြီးကြိုးစားနေတယ်။ ပြင်ဆင်မှုတွေ အများကြီးလုပ်နေပါ တယ်" ဟု မြန်မာနိုင်ငံခရီးသွားအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးဉာဏ်ဝင်း ကပြောသည်။
လက်ရှိအချိန်တွင် Tourism Promotion လုပ်ဆောင်ရန်အတွက် အဖွဲ့များဖွဲ့စည်းထားပြီး မြန်မာ-ဂျပန်၊ မြန်မာ-ကိုရီးယာ၊ မြန်မာ-တရုတ်၊ မြန်မာ-အာဆီယံ၊ မြန်မာ-အီးယူ-အမေရိက အဖွဲ့ ၅ဖွဲ့ထားကြောင်း မြန်မာနိုင်ငံခရီး သွားအဖွဲ့ချုပ်မှ သတင်းရရှိသည်။ လာမည့်နှစ်တွင် ပြည်ပလေကြောင်းလိုင်းများ ထပ်မံဝင်ရောက်လာနိုင်ဖွယ် ရှိကြောင်း သိရသည်။