မြိုတိုင်းရင်းသားပါတီ၏ မူဝါဒ သဘောထား

မြိုတိုင်းရင်းသားပါတီ၏ မူဝါဒ သဘောထား

နေပြည်တော် စက်တင်ဘာ ၂၂ ။         ။ မြိုတိုင်းရင်းသားပါတီဥက္ကဋ္ဌ ဦးအေးထွန်းက  ၎င်းတို့ပါတီ၏ မူဝါဒ၊ သဘောထား၊ လုပ်ငန်စဉ်စသည်တို့ကို စက်တင်ဘာ ၂၂ ရက်နေ့ ညပိုင်းက ရေဒီယိုနှင့် ရုပ်မြင်သံကြားအစီစဉ်များမှ ဟောပြော တင်ပြခဲ့ပါသည်။အဆိုပါဟောပြောတင်ပြချက် အပြည့်စုံမှာ အောက်ပါအတိုင်းဖြစ်ပါသည်။

လေးစားအပ်ပါသော ပြည်ထောင်စုဖွားတိုင်းရင်းသား ညီနောင်များခင်ဗျား -

အားလုံးကို မင်္ဂလာပါလို့ ဦးစွာနှုတ်ခွန်းဆက်သပါတယ်။ ကျွန်တော်က တော့ မြိုတိုင်းရင်သားပါတီဥက္ကဋ္ဌဦးအေးထွန်းဖြစ်ပါတယ်။ ရခိုင်ပြည်နယ်အတွင်းမှာ စည်းရုံးဆောင်ရွက်မယ့် ပါတီဖြစ်ပါတယ်။ ကျွန်တော်တို့ ရခိုင်ပြည်နယ်မှာ ရခိုင်၊ မြို၊ ဒိုင်းနက်၊ ခမီ၊ သက်၊ မာရမာ၊ ကမန်တိုင်းရင်းသား များဟာ ကိုယ့်ဘာသာစကား၊ ကိုယ့်ယဉ်ကျေးမှုကိုယ်စီနဲ့ သီးခြားစီရပ်တည် လာခဲ့ကြပါတယ်။ သီးခြားစီဆိုသော် လည်း တိုင်းရင်းသားအချင်းချင်းစည်းလုံးညီညွတ်စွာနဲ့ မှီတင်းနေထိုင်လာခဲ့ကြတာကို တွေ့ရမယ်ဖြစ်ပါတယ်။

မြိုတိုင်းရင်းသားပါတီကို ဘာကြောင့်တည်ထောင်လာရသလဲ၊ ဘယ်လို ရည်ရွယ်ချက်မျိုးရှိပါလဲဆိုတာကို ယခုဒီအချိန်မှာ မြန်မာ့အသံရေဒီယိုနှင့် ရုပ်မြင်သံကြားကနေ အစီရင်ခံတင်ပြသွားပါမည်။ ကျွန်တော်တို့ ပြည်ထောင်စုဖွားတိုင်းရင်းသားများအားလုံးဟာ နိုင်ငံတော်ရဲ့အရိပ်အာဝါသအောက်မှာ အေးအတူပူအမျှစည်းလုံးညီညွတ်စွာနဲ့ လက်တွဲနေထိုင်ကြရ မှာ ဖြစ်ပါတယ်။

နိုင်ငံရေးအရ လက်တွဲဆောင်ရွက်ရမယ်ဖြစ်ပါတယ်။ကျွန်တော်တို့နိုင်ငံ၏ နိုင်ငံရေးစနစ်ကိုယ်ထည်ကလည်း ပါတီစုံဒီမိုကရေစီစနစ်ဖြစ်ပါတယ်။ နိုင်ငံ့အရေးကို ဆောင်ရွက်ရန် နိုင်ငံသားတိုင်း၊ ပါတီတိုင်းမှာ တာဝန်ရှိပါတယ်။ ထို့ကြောင့် ကျွန်တော်များ မြို့တိုင်းရင်းသားပါတီအနေဖြင့် မိမိတို့ မြိုလူမျိုးများကိုစုစည်းပြီး ရရှိသလောက်သောအင်အားနဲ့ နိုင်ငံ့အရေးအရာများကို သက်ဆိုင်ရာ အစိုးရအဖွဲ့အစည်း နဲ့သော်လည်းကောင်း၊ အခြားနိုင်ငံရေးပါတီများနဲ့သော်လည်းကောင်း၊ လူမှုရေးအဖွဲ့အစည်းများ၊ တိုင်းရင်းသားညီနောင်များနဲ့အတူ မြန်မာနိုင်ငံတည်ရှိနေသရွေ့ တစ်ထောင့်တစ်နေရာကနေ အုတ်တစ်ချပ် သဲတစ်ပွင့် ပူးပေါင်းပါဝင်ဆောင်ရွက်နိုင်ရန်အတွက် မြိုတိုင်းရင်းသားပါတီကို ဖွဲ့စည်းတည်ထောင်ရ ခြင်းဖြစ်ပါတယ်။

မြိုတိုင်းရင်းသားများနဲ့ ဒေသခံတိုင်းရင်းသားများခင်ဗျား -

ယခုလိုပါတီစုံဒီမိုကရေစီစနစ်မှာ ကျွန်တော်တို့လို မျိုးနွယ်စုငယ် လူနည်းစုများအနေနဲ့ အထူးသတိထားရမယ့်အချက်တွေ ရှိနေပါတယ်။လူနည်းစုကို အခြေခံပြီးတော့ ဖွဲ့စည်းတည်ထောင်ထားတဲ့ ပါတီ ငယ်တွေ အနေနဲ့ တိုင်းရင်းသားရေးရာဝန်ကြီး ရာထူးရရှိရေး၊ လွှတ်တော်မှာ အမတ်နေရာရရှိရေးအတွက် လူမျိုးစု(၂)စု (သို့မဟုတ်) (၃) စုကို ရောနှောပေါင်းစည်းပြီးတော့ လူမျိုးတစ်မျိုးတည်း အဖြစ်ခံယူရန် ကြိုးစားခြင်းများရှိတတ်ပါ တယ်။ ရှိနေကြပါတယ်။ အဲဒီလိုလုပ်ခြင်းအားဖြင့် လိုအပ်တဲ့နေရာ ရတယ်ဆိုပါစို့ လွှတ်တော်သက်တမ်း(၅)နှစ်တာအတွင်းမှာ အဲဒီလူမျိုးများရေးရာကို ဆောင်ရွက် ရမယ်ဖြစ်ပြီး သက်တမ်း(၅) နှစ်တာအတွင်းမှာသော်လည်းကောင်း၊ (၅)နှစ်တာ သက်တမ်းကျော်လွန်တဲ့အခါမှာသော် လည်းကောင်း၊ အဲဒီလူမျိုးများရဲ့ကြားမှာ ဖြစ်ပျက်သဘောအရ ဆန္ဒကွဲလွဲကောင်း ကွဲလွဲနိုင်ပါတယ်။ ရခိုင်ပြည်နယ်အတွင်း ''မြို''နဲ့ ''ခမီ'' လူမျိုးကြားမှာ အဲဒီလို အရှုပ်အထွေးတွေကြောင့် ယခုလက်ရှိအခြေအနေမှာ တစ်မျိုးနဲ့တစ်မျိုး ယုံကြည်မှုအရ အားနည်းချက်များရှိနေတာကို တွေ့ရပါတယ်။ အဲဒါကြောင့် တိုင်းရင်းသားလူမျိုးအချင်းချင်း စည်းလုံးညီညွတ်မှုကိုရှေးရှုပြီး ရိုးသား ပွင့်လင်းစွာနဲ့ ဆောင်ရွက်ကြစေလိုပါတယ်။

မြိုတိုင်းရင်းသားများနဲ့ ဒေသခံတိုင်းရင်းသားများ ခင်ဗျား -

မြိုတိုင်းရင်းသားများဟာ ခေတ်နောက်ကျပြီး အဘယ်ကြောင့်ပျောက်ကွယ်လုမတတ်ဖြစ်နေရသလဲဆိုတာကို ဆန်းစစ်လေ့လာ အဖြေရှာသင့်တဲ့ အချိန်အခါရောက်လာပါပြီ။ ''မြေမျို၍ လူမျိုးမပြုတ်၊ လူမျိုးမှ လူမျိုးပြုတ်မယ်'' ဆိုတဲ့ ဆောင်ပုဒ်ကိုအလေးထားရမှာ ဖြစ်ပါတယ်။ မြန်မာ့သမိုင်းမှာ ပျူခေတ်ဟု ထွန်းကားခဲ့ဖူးသော ပျူလူမျိုးများဟာ ယခုအခါလက်ညှိုးထိုးပြစရာ မရှိတော့ပါ။ ''လူမျိုးရှိမှ ယဉ်ကျေးမှုရှိမယ်၊ ယဉ်ကျေးမှုရှိမှ လူမျိုးတင့်မယ်''ဆိုတဲ့ အပြန်အလှန်အမှီပြုနေတဲ့အထဲမှာ လူမျိုးပျောက်ကွယ်သော် လည်းကောင်း၊ အရောအနှောခံရသော်လည်းကောင်း၊ဒေါင်းယောင်ဆောင်တဲ့ကျီးလို ဟိုယောင် ဒီယောင် ယောင်နေသော်လည်း ကောင်း လူမျိုးတစ်မျိုး၏ ဂုဏ်ဒြပ်၊ ဘာသာစကား၊ ယဉ်ကျေးမှုဓလေ့ထုံးစံတွေဟာ ဘယ်လိုနည်းနဲ့မျှ ခမ်းနားထည်ဝါစွာ ရပ်တည်နေနိုင်မှာ မဟုတ်ပါဘူး။ အဲဒါကြောင့် လူမျိုးနဲ့ယဉ်ကျေးမှုဟာ ဘယ်အခွင့်အရေးနဲ့မျှ လဲလို့မရတဲ့ တန်ဖိုးအရှိဆုံးသော အနဂူ္ဂရတနာဖြစ်ပါတယ်။ ဒါတွေကို ကျွန်တော်များ မြိုတိုင်းရင်းသားပါတီအနေဖြင့် ထိန်းသိမ်းကာကွယ်စောင့်ရှောက် ရန်ဖြစ်ပါတယ်။

လေးစားအပ်ပါသော ပြည်ထောင်စုဖွား တိုင်းရင်းသားညီနောင်များ ခင်ဗျား-

ကျွန်တော်တို့ မြိုတိုင်းရင်းသားပါတီအလံတော်နဲ့ အထိမ်းအမှတ် တံဆိပ်ကို ဆက်လက်တင်ပြပါမည် -

မြိုတိုင်းရင်းသားပါတီအလံတော်

မြိုတိုင်းရင်းသားပါတီရဲ့အလံတော်ကို အရောင်(၄)မျိုးဖြင့် ဖော်ပြထားပြးီ ကောင်းကင်ပြာရောင်မှာ တည်ကြည်ခြင်း၊ အစိမ်းရောင်မှာ စိမ်းလန်း စိုပြည်ခြင်း၊ အဖြူရောင်မှာ ဖြူစင်သန့်ရှင်းခြင်း ဆောင်ပါတယ်။ အလံတော်ရဲ့ လက်ဝဲဘက်ထိပ် အနီရောင်လေးထောင့်ကွက်ထဲမှာ မြိုဘာသာစကားဖြင့် Rang Pang Ma  လို့ခေါ်တဲ့ ရောင်းရင်းငှက်ထည့်ထားပြီး အဲဒီငှက်ဟာ သစ္စာရှိတဲ့ငှက်ဖြစ်ပါတယ်။ အားလုံး ရိုးသားစွာ သစ္စာရှိကြရမယ်လို့ ဖော်ညွှန်းခြင်းဖြစ်ပါတယ်။ အနီရောင်ပေါင်ကွက်ကတော့ ရဲရင့်တက်ကြွခြင်း သဘောဖြစ်ပါတယ်။ အလံတော်ရဲ့အောက်ခြေမှာရှိတဲ့ ရေပြင်ညီကတော့ တန်းတူညီတူရေး ကိုပြသခြင်းဖြစ်ပါတယ်။ အလံတော်မှာ ရေပြင်ညီထည့်ရတာက ကျွန်တော်တို့ မြိုတိုင်းရင်းသားတွေမှာ အမှုအခင်းပြဿနာတစ်ခုကို နောက်ဆုံးဆုံးဖြတ်ရမယ့်အခါ သစ္စာဆို/ကျိန်စာဆိုပြီးရေငုပ်ဖြေရှင်းတဲ့ ဓလေ့ကိုဖော်ညွှန်းတဲ့အနေနဲ့ ရေပြင်ညီကို ထည့်ရခြင်းဖြစ်ပါတယ်။

မြိုတိုင်းရင်းသားပါတီ အထိမ်းအမှတ်တံဆိပ်

မြိုတိုင်းရင်းသားပါတီရဲ့ အထိမ်းအမှတ်တံဆိပ်ကတော့ ကျွန်တော်တို့မြိုတိုင်းရင်းသားများနေထိုင်တဲ့ တောင်စဉ်တောင်တန်းကို အသိအမှတ် ပြုဖော်ပြထားခြင်းဖြစ်ပါတယ်။

မြိုတိုင်းရင်းသားပါတီဆောင်ပုဒ်ကတော့ ''နိုင်ငံတော်ကိုချစ်ပါ။ တိုင်းရင်းသားပြည်သူကို လေးစားပါ။ ယဉ်ကျေးမှုကို ထိန်းသိမ်းပါ။''

လေးစားအပ်ပါသော ပြည်ထောင်စုဖွားတိုင်းရင်းသားညီနောင်များနဲ့ ရခိုင် ပြည်နယ်ရှိ ဒေသခံမဲဆန္ဒရှင်ပြည်သူများ ခင်ဗျား-

ကျွန်တော်တို့ မြိုတိုင်းရင်းသားများဟာ ရခိုင်ပြည်မြောက်ပိုင်းမောင်တော၊ ဘူးသီးတောင်၊ ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ ရသေ့တောင်(၅) မြို့နယ်မှာ နေထိုင်ကြပါတယ်။ မြိုတိုင်းရင်းသားပါတီအနေဖြင့် ဝင်ယှဉ်ပြိုင်မယ့်နေရာတွေကတော့ မောင်တောမြို့နယ် ပြည်နယ်လွှတ်တော် မဲဆန္ဒနယ် အမှတ်(၁)မှာ တစ်ဦး၊ မောင်တောမြို့နယ် အမျိုးသားလွှတ်တော်မဲဆန္ဒနယ် အမှတ်(၁)မှာ တစ်ဦး စုစုပေါင်း သုံဦးဝင်ပြိုင်မှာဖြစ်ပါတယ်။ ပုဏ္ဏားကျွန်မြို့နယ်မှာ မဲဆန္ဒရှင် မြိုတိုင်းရင်းသားဦးရေ ၁၀၀၀ ခန့်သာရှိပြီး ကျောက်တော်မြို့နယ်မှာဆိုရင် မြိုတိုင်းရင်းသား လူမျိုးအစစ်အမှန်ကျေးရွာ ယိုးချောင်းဖျားပိုင်း၊ သလူချောင်းကျေးရွာအုပ်စုမှာ ကျေးရွာငယ်ကိုးရွာပဲရှိပါတယ်။ ကျွန်တော်တို့မြိုတိုင်းရင်းသား မဲဆန္ဒရှင်များ အလွန်နည်းပါးတဲ့အတွက်ကြောင့်မို့ ဝင်မပြိုင်ရခြင်းဖြစ်ပါတယ်။ အဆိုပါမြို့နယ်ထဲက မြို့တိုင်းရင်းသား ညီအစ်ကို မောင်နှမများအနေဖြင့် နားလည်ခွင့်လွှတ်ပေးပါရန် အနူးအညွတ် တောင်းပန်အပ်ပါတယ်။

လေးစားအပ်ပါသော မြိုတိုင်းရင်းသားများနဲ့ ဒေသခံတိုင်းရင်းသားမဲဆန္ဒရှင် မိဘပြည်သူများခင်ဗျား-

မိမိတို့ဒေသမှာ ဘာတွေဖြစ်နေသလဲ၊ ဘာတွေလိုအပ်သလဲ၊ ဘာတွေဆောင်ရွက်သင့်သလဲဆိုတာကို မိမိတို့ဒေသခံပြည်သူတွေက ပိုသိပါတယ်။ ထို့ကြောင့် မိမိတို့ဒေသကအရွေးခံမယ့် မြိုတိုင်းရင်းသားပါတီမှ လွှတ်တော်ကိုယ်စားလှယ်လောင်းများကို အားပေးထောက်ခံကူညီကြပါ။တောင်တံဆိပ်ပါသော မြိုတိုင်းရင်းသားပါတီမဲပုံးထဲကို မှန်ကန်သောမေတ္တာ၊ စေတနာ၊ ကရုဏာမဲများထည့်ပေးကြပါလို့ တိုင်းရင်းသားအချင်းချင်းချစ်ကြည်စည်းလုံးခြင်းအကျိုးကိုမျှော်ကိုးလျက် ယုံကြည်အားကိုးစွာဖြင့် ပန်ကြားရင်း နိဂုံးချုပ်အပ်ပါတယ်ခင်ဗျား။

အားလုံးကို ကျေးဇူးတင်ပါတယ်။

မြိုတိုင်းရင်းသားပါတီ၏ သီချင်း

ညီညွတ်ကြပါ ဒို့ညီအစ်ကိုမောင်နှမတွေ၊ ဒို့ပါတီအထိမ်းအမှတ်မှာ

တောင်တန်းပြာပါ။ စိမ်းလန်းတယ်၊ စိုပြည်တယ်၊ သဘာဝပန်းတွေ ရာသီ

အလိုက် ဖူးပွင့်တယ်။ Rang Pang Ma  ငှက်ဟာ ရိုးသားတယ်၊ ရှိတယ်၊

ဒို့များလည်းရိုးသားကြတယ်။ နိုင်ငံ့အကျိုး၊ လူမျိုးအကျိုး တစ်ထောင့်

တစ်နေရာကနေ အုတ်တစ်ချပ်၊ သဲတစ်ပွင့်ပါဝင်ဆောင်ရွက်မယ်။ စည်းလုံး

ကြပါ၊ မဲပေးကြပါ။ ဒို့ပါတီ၊ ဒို့များ ညီအစ်ကိုမောင်နှမတွေရယ်။

မြိုတိုင်းရင်းသားပါတီ၏ မူဝါဒ၊ သဘောထား၊ လုပ်ငန်းစဉ်

မြိုတိုင်းရင်းသား၊ ဘိုးဘွား၊ မိဘ၊ ညီအစ်ကိုမောင်နှမများ ခင်ဗျား။ရောဂါခပ်သိမ်း၊ ဆင်းရဲခပ်သိမ်း၊ မှန်သမျှပိန်းကြာထက်မှာ ရေမတင် သကဲ့သို့ ကင်းစင်ပါစေကြောင်း၊ စိတ်၏ချမ်းသာခြင်း၊ ကိုယ်ကျန်းမာခြင်း နဲ့ပြည့်စုံကြပါစေလို့ ဆုတောင်းမေတ္တာပို့သအပ်ပါတယ်။ ကျွန်တော်ကတော့မြိုတိုင်းရင်းသားပါတီဥက္ကဋ္ဌ ဦးအေးထွန်းဖြစ်ပါတယ်။ မြိုဘာသာစကားနဲ့သတင်းကောင်းပါးလိုက်ပါရစေ။ နားထောင်ပေးကြပါဦး။ ကျွန်တော်တို့မြိုလူမျိုးများဟာ ရခိုင်ပြည်နယ်မှာ ရှေးပဝေသဏီကာလကပင် နေထိုင်လာခဲ့ကြပါသော်လည်း ဖွံ့ဖြိုးတိုးတက်မှုမရှိခဲ့ပါ။ ဒို့ရဲ့အခက်အခဲ၊ ဒို့ရဲ့လိုအပ်ချက်တွေကို အထက်ဌာနဆိုင်ရာ အဆင့်ဆင့် ၊နိုင်ငံတော်အကြီးကဲ တို့သိအောင် စကားပြောပေးဖို့ လူမရှိလို့ဘဲလို့ ကျွန်တော်ထင်မြင်မိပါတယ်။ယခုအခါ ဒို့ရဲ့လိုအပ်ချက်များကို မိမိတို့လူမျိုးကိုယ်တိုင်က တိုက်ရိုက်တင်ပြနိုင်သော လမ်းကြောင်းရဲ့ အစမှာရောက်ရှိနေပြီဖြစ်ပါတယ်။ ထို့ကြောင့်တောင်တံဆိပ်ပါသော မိမိတို့ရဲ့ လွှတ်တော်ကိုယ်စားလှယ်လောင်းများကို ထောက်ခံမဲပေးကြပါလို့ မေတ္တာရပ်ခံအပ်ပါတယ်။             

အားလုံးကို ကျေးဇူးတင်ပါတယ်။

မြိုတိုင်းရင်းသားပါတီ

 ၁။  ပါတီအမည်  -  မြိုတိုင်းရင်းသားပါတီ
 ၂။  ပါတီအမည်(English)  -  Mro Nationality Party
 ၃။  ပါတီတည်ထောင် ခွင့်လျှောက်ထားသည့်နေ့  -  ၁၃.၁၂.၂၀၁၁
 ၄။  လာရောက်လျှောက်ထားစဉ်ပါတီအင်အား  -  ၁၉ ဦး
 ၅။  

လာရောက်လျှောက်ထားစဉ်ခေါင်းဆောင်နှင့်

ဒုတိယခေါင်းဆောင်

 -  ဦးအေးထွန်း၊ဦးအနု
 ၆။  ပါတီတည်ထောင်ခွင့်ပြု့သည့်နေ့  -  ၂၄.၁.၂၀၁၁
 ၇။  ပါတီမှတ်ပုံတင်ခွင့်လျှောက်ထားသည့်နေ့  -  ၁၀.၂.၂၀၁၁
 ၈။  ပါတီမှတ်ပုံတင်ခွင့်ပြုသသည့်နေ့  -  ၂၈.၂.၂၀၁၁
 ၉။  ခွင့်ပြုသည့်ပါတီအမှတ်စဉ်  -  အမှတ်စဉ်(၅၂)
 ၁၀။  ခွင့်ပြု့သည့်ပါတိအလံ  -  
 ၁၁။  ခွင့်ပြု့သည့် ပါတီတံဆိပ်  -  
 ၁၂။  ပါတီ ဥက္ကဋ္ဌ နှင့်ဗဟိုအလုပ်အမှုဆောင်စာရင်း  -  ဦးအေးထွန်း၊ ဦးမင်းအောင်
 ၁၃။  ပါတီနယ်မြေ  -  ရခိုင်ပြည်နယ်အတွင်း
 ၁၄။  ပါတီ ရုံးချုပ်တည်နေရာ  -  အမှတ်(၄)ရပ်ကွက်၊ သပြေကုန်း၊ ဘူးသီးတောင်မြို့၊ ရခိုင်ပြည်နယ်။
 ၁၅။  ဆက်သွယ်ရန် ဖုန်း နှင့် ဖက်စ်  -  ၀၉-၄၂၅၃၀၁၈၀၄ (ဦးသာဘန်းအောင်မှ တစ်ဆင့် ဆက်သွယ်ရန်)
 ၁၆။  ပါတီ၏ မူဝါဒလမ်းစဉ်များ  -  PDFDownload

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required