ဗမာပြည်သူ့ပါတီ ၏ မူဝါဒ သဘောထား

နေပြည်တော် စက်တင်ဘာ ၂၀ ။        ။ ဗမာပြည်သူ့ပါတီ ဗဟိုအလုပ်မှုဆောင်ကော်မတီဥကက္ကဋ္ဌ ဦးအောင်သန်းတင့်က   ၎င်းတို့ပါတီ၏ မူဝါဒ၊ သဘောထား၊ လုပ်ငန်စဉ်စသည်တို့ကို စက်တင်ဘာ ၂၀ ရက်နေ့ ညပိုင်းက ရေဒီယိုနှင့်ရုပ်မြင်သံကြားအစီစဉ်များမှ ဟောပြော တင်ပြခဲ့ပါသည်။အဆိုပါဟောပြောတင်ပြချက် အပြည့်စုံမှာ အောက်ပါအတိုင်းဖြစ်ပါသည်။

လေးစားအပ်ပါသော မိဘပြည်သူအပေါင်းတို့ခင်ဗျား -

ကျွန်တော်ကတော့ ဗမာပြည်သူ့ပါတီရဲ့ ဗဟိုအလုပ်မှုဆောင်ကော်မတီ ဥက္ကဋ္ဌ ဦးအောင်သန်းတင့်ဖြစ်ပါတယ်။ ရှေးဦးစွာ မဲဆန္ဒရှင်ပြည်သူများစိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းနဲ့  ပြည့်စုံကြပါစေလို့ ဆုမွန်ကောင်းပို့သအပ်ပါတယ်။

ကျွန်တော်တို့ရဲ့ ဗမာပြည်သူ့ပါတီဟာ ပြည်သူလူထုတစ်ရပ်လုံးအတွက် ဗိုလ်ချုပ်အောင်ဆန်း ပြောကြားခဲ့သလို ဒီမိုကရေစီစနစ်ကသာ အကောင်းဆုံး ဖြစ်တယ်လို့ ခံယူထားပါတယ်။ ဗမာပြည်သူ့ပါတီဟာ ဗမာလူမျိုးနဲ့တိုင်းရင်းသားအားလုံးရဲ့ အကျိုးစီးပွားကို စုပေါင်းဆောင်ရွက်နိုင်ဖို့ အမျိုးသားရေးစိတ်ဓာတ်အပေါ် အခြေခံဖွဲ့စည်းထားပါတယ်။

ဗမာပြည်သူ့ပါတီမွေးဖွားခြင်း

ကျွန်တော်တို့ရဲ့ အမိမြန်မာနိုင်ငံတော်ကြီးကို ဒီကနေ့မှစ၍ လွတ်လပ်တဲ့၊ တရားမျှတတဲ့၊ တရားဥပဒေစိုးမိုးတဲ့၊ ငြိမ်းချမ်းသာယာဝပြောတဲ့ နိုင်ငံတော် သစ်ကြီးတစ်ခုအဖြစ် မြင်ချင်တွေ့ချင်တဲ့ ဆန္ဒဟာ ဒီမြေမှာနေ၊ ဒီမြေမှာဖွား၊ဗမာအမျိုးသားများနဲ့  ပြည်ထောင်စုတိုင်းရင်းသားများအားလုံးရဲ့ မမှိတ်မသုန် တူညီတဲ့ ရည်ရွယ်ချက်ဖြစ်ပါတယ်။

အဲဒီလိုမြင်တွေ့ဖို့အတွက် ဗမာအမျိုးသားများနဲ့ ပြည်ထောင်စုဖွား တိုင်းရင်းသားညီအစ်ကို မောင်နှမများအားလုံး စည်းစည်းလုံးလုံး ညီညီညွတ်ညွတ်ရှိရေးဟာ အရေးကြီးဆုံးအချက်ဖြစ်တယ်လို့ ဗမာပြည်သူ့ပါတီမှအလေးအနက်ခံယူထားပါတယ်။ ဒီအတွက် သမိုင်းပေးတာဝန်တစ်ရပ်အဖြစ်ခံယူပြီး ကျရာနေရာကနေ အုတ်တစ်ချပ် သဲတစ်ပွင့် ပါဝင်ဆောင်ရွက်လိုတဲ့ဆန္ဒနဲ့ဗမာပြည်သူ့ပါတီဟာ သမိုင်းမှာမရှိစဖူး ထူးကဲစွာဖြင့် မွေးဖွားပေါ်ပေါက်လာခဲ့ပါပြီ။

လေးစားအပ်ပါသော မဲဆန္ဒရှင်မိဘပြည်သူများခင်ဗျား -

ကျွန်တော်တို့ဗမာပြည်သူ့ပါတီအနေနဲ့ ''ဒို့ဗမာ''ကဗျာလေးနဲ့ စတင် မိတ်ဆက်လိုက်ပါတယ်-

ဗမာပါတီ ဦးတည်ချက်

အများပြည်သူ ကောင်းကျိုးအတွက်။

ဗမာ ဗမာ ဒို့ဗမာ

ဝိုင်းဝန်းပါစို့ ညီညာညာ။

ဗမာ့သင်္ကေတ ခေါင်းပေါင်းစ

ညီညာဖြဖြ ထောက်ခံကြ။

ကျွန်တော်တို့ဗမာပြည်သူ့ပါတီရဲ့ နိုင်ငံရေးဦးတည်ချက်နဲ့ မူဝါဒများကို ဆွေးနွေးတင်ပြပါမယ်-

ဗမာပြည်သူ့ပါတီရဲ့ နိုင်ငံရေးဦးတည်ချက်နှင့်မူဝါဒ

လွတ်လပ်ခြင်း၊ ညီမျှခြင်း၊ တရားမျှတခြင်းဆိုတဲ့ လောကပါလတရားများ ထွန်းကားရေးဟာ ဗမာပြည်သူ့ပါတီ၏ နိုင်ငံရေးဦးတည်ချက်ဖြစ်ပါတယ်။

ဗမာပြည်သူ့ပါတီရဲ့ မူဝါဒကတော့ (၅)ချက်ရှိပါတယ်။

(၁) ဗမာလူမျိုးတို့၏ စစ်မှန်သောမျိုးချစ်စိတ်ဓာတ်ဖြစ်သည့် ပြည်ထောင်စု စိတ်ဓာတ်ကို ထာဝစဉ်မွေးမြူ၍ တိုင်းရင်းသားများနှင့် စည်းလုံးညီညွတ်စွာ လက်တွဲနေထိုင်ရန်။

(၂) ကမ္ဘာ့ငြိမ်းချမ်းရေးနှင့် နိုင်ငံအချင်းချင်း မိတ်ဝတ်မပျက်ပေါင်းသင်း ဆက်ဆံရေးကိုရှေးရှုလျက် ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေးမူများကို စောင့်ထိန်းရန်။

(၃) တိုင်းရင်းသားစည်းလုံးညီညွတ်ရေး၊ အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေး၊ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေး အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ်ခံယူ၍ ထာဝစဉ်ကြိုးပမ်းဆောင်ရွက်ရန်။

(၄) ဗမာစာပေ၊ ဗမာစကား၊ ဗမာယဉ်ကျေးမှုအမွေအနှစ်များ သမိုင်းအစဉ်အလာများနှင့် စရိုက်လက္ခဏာများကို အမြဲမပြတ် ကာကွယ်ထိန်းသိမ်း စောင့်ရှောက်ရန်။

(၅) နိုင်ငံသားတို့၏ မွေးရာပါအခွင့်အရေးအဖြစ် ပိုင်ဆိုင်ထားသော အခြေခံ လူ့အခွင့်အရေးများကို အာမခံသော၊ လွတ်လပ်မှုကို အာမခံသော စစ်မှန်သည့် ဒီမိုကရေစီစနစ် ရှင်သန်ထွန်းကားရန်။

ကျွန်တော်တို့ဗမာပြည်သူ့ပါတီရဲ့ ရှေ့လုပ်ငန်းစဉ်များကို ဆက်လက်ဆွေးနွေးတင်ပြပါမယ် -

ဗမာပြည်သူ့ပါတီ၏ ရှေ့လုပ်ငန်းစဉ်များကတော့

လူ့အခွင့်အရေးကို ကာကွယ်စောင့်ရှောက်ခြင်း၊ လူ့အခွင့်ရေးတိုးတက်ရှင်သန်ရေးကို လုပ်ဆောင်ခြင်း၊ လူ့အခွင့်အရေးကို ပြည်သူလူထုနားလည်စေရန်နှင့် မိမိကိုယ်ကို မိမိကာကွယ်နိုင်စေရန် ပညာပေးခြင်း။

တရားဥပဒေစိုးမိုးရေးအတွက် လူထုပညာပေးလုပ်ငန်းစဉ်များလုပ်ဆောင်ခြင်း၊ မတရားသဖြင့် ဖမ်းဆီးချုပ်နှောင်ခံရသူများ လွတ်မြောက်ရေးအတွက် ဆောင်ရွက်ခြင်း၊ မတရားသောဥပဒေများ ပြင်ဆင်ရေး အတွက်ဆောင်ရွက်ခြင်း။

ကျား/မ တန်းတူရေးအပါဝင် အမျိုးသမီးများနှင့် အမျိုးသမီးအဖွဲ့အစည်း များ၏ အခွင့်အရေးတို့ကို ကာကွယ်စောင့်ရှောက်ခြင်းနှင့် မြှင့်တင်ခြင်း။

သတင်းမီဒီယာလွတ်လပ်ရေးအတွက် တစ်တပ်တစ်အားပါဝင်လှုပ်ရှားခြင်း  ပညာပေးခြင်း။

အစိုးရ၏ လုပ်ရပ်မှန်သမျှတွင် တာဝန်ခံမှုနှင့် တာဝန်ယူမှုရှိ/မရှိစောင့်ကြည့် လေ့လာခြင်း၊ လာဘ်ပေးယူမှုအပါဝင် အစိုးရမှ လူထုကိုဖိနှိပ်ချုပ်ချယ်ခြင်းမှ ကင်းဝေးအောင် ဆောင်ရွက်ခြင်း။

ပါတီအလံနှင့် ပါတီအမှတ်တံဆိပ်

လေးစားအပ်ပါတဲ့ မဲဆန္ဒရှင်မိဘပြည်သူများခင်ဗျား -

ဆက်လက်ပြီး ဆွေးနွေးမှာကတော့ ဗမာပြည်သူ့ပါတီရဲ့ အလံဖြစ်ပါ တယ်။ ယခုဒီစာပွဲပေါ်မှာစိုက်ထူထားတဲ့အတိုင်း ဖြစ်ပါတယ်။ အပြာရောင်ရဲ့သဘောကတော့ တည်ကြည်ခြင်း၊ လေးနက်ခြင်း၊ ချစ်ခင်ခြင်းအဓိပူ္ပာယ်ကိုဆောင်ပါတယ်။ အဖြူရာင်ရဲ့သဘောကတော့ ဖြူစင်ခြင်း၊ သန့်ရှင်းခြင်း၊ ရိုးသားဖြောင့်မတ်ခြင်း အဓိပူ္ပာယ်ကိုဆောင်ပါတယ်။ ပါတီရဲ့အလံဟာ ဗမာ ပြည်သူ့ပါတီရဲ့ အတွင်းသဘောဖြစ်ပါတယ်လို့  မဲဆန္ဒရှင်ပြည်သူများအား ထပ်ဆင့်တင်ပြအပ်ပါတယ်။

လေးစားအပ်ပါတဲ့ မဲဆန္ဒရှင်မိဘပြည်သူများခင်ဗျား -

ဆက်လက်ပြီး ဆွေးနွေးတင်ပြမှာကတော့ ဗမာပြည်သူ့ပါတီရဲ့ တံဆိပ် (Logo) ဖြစ်ပါတယ်။ ကျွန်တော်တို့ရဲ့ အမှတ်တံဆိပ် (Logo) ကတော့ မောင့်ကျက်သရေခေါင်းပေါင်းဖြစ် ပါတယ်။ အောက်ခံအရောင် အနီပေါ်မှာမောင့်ကျက်သရေခေါင်းပေါင်းဖြစ်ပါတယ်။ အောက်ခံအရောင်အနီပေါ်မှာ မြင်ရတဲ့အတိုင်းပါပဲ။။ ဗမာအမျိုးသားတို့ရဲ့ ရိုးရာယဉ်ကျေးမှုဝတ်စုံဟာ မောင့်ကျက်သရေခေါင်းပေါင်း၊ တိုက်ပုံအင်္ကျီနှင့် ပုဆိုးတို့ဖြစ်ပါတယ်။ ဗမာအမျိုးသားတို့ရဲ့ ဦးခေါင်းမှာ အထွတ်အမြတ်ဆောင်းတဲ့ မောင့်ကျက်သရေ ခေါင်းပေါင်းက ဗမာပြည်သူ့ပါတီရဲ့ အမှတ်တံဆိပ် သင်္ကေတ(Logo) ကို မိဘတယ်။ ဗမာပြည်သူ့ ပါတီရဲ့ မောင့်ကျက်သရေခေါင်းပေါင်း (Logo) ကို မိဘပြည်သူမဲဆန္ဒရှင်တို့ရဲ့ ရင်ထဲအသည်းထဲ စွဲမြဲနေစေချင်ပါတယ်။ ဗမာနဲ့ ခေါင်းပေါင်း၊ ခေါင်းပေါင်းနဲ့ဗမာ ဂဟေဆက်သလို မြဲနေပါတယ်။

ဗမာပြည်သူ့ပါတီ၏ လွှတ်တော်ပြင်ပနိုင်ငံရေး

ကျွန်တော်တို့ ဗမာပြည်သူ့ပါတီဟာ လွှတ်တော်ပြင်ပနိုင်ငံရေးကို ၂၀၁၁ ခုနှစ် ပါတီမှတ်ပုံတင်ပြီးကတည်းက တစ်စိုက်မတ်မတ် ဆောင်ရွက်လျက်ရှိပါတယ်။ နိုင်ငံတော်အစိုးရ၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်တို့နဲ့ အကြိမ်ကြိမ်တွေ့ဆုံပြီး ငြိမ်းချမ်းရေးကိစ္စ ရွေးကောက်ပွဲနည်းဥပဒေပြင်ဆင်ရေးကိစ္စ၊ တရားဥပဒေစိုးမိုးရေးနဲ့ လယ်ယာမြေပြဿနာတို့ကို ညှိနှိုင်း ဆွေးနွေးခဲ့ပါတယယ်။ တောင်သူလယ်သမားများ သိမ်းဆည်းခံရတဲ့လယ်မြေများပြန်လည်ရရှိရေးတို့ကို နိုင်ငံတော်သမ္မတနဲ့ တွေ့ဆုံသည့်အခါ တင်ပြဆွေးနွေး ခဲ့ပါတယ်။ အဲဒီလိုလွှတ်တော်ပြင်ပမှ နိုင်ငံရေးတာဝန်များကို ဗမာပြည်သူ့ ပါတီက အစဉ်မပြတ် ဆောင်ရွက်လျက်ရှိကြောင်း မဲဆန္ဒရှင်များ၊ပြည်သူ များအား အသိပေးအပ်ပါတယ်။

ယခု ၂၀၁၅ ခုနှစ် နိုဝင်ဘာလ ၈ ရက်နေ့မှာကျင်းပမယ့် ရွေးကောက်ပွဲမှာ ကျွန်တော်တို့ရဲ့ ဗမာပြည်သူ့ပါတီက မကွေးတိုင်းဒေသကြီး တောင်တွင်းကြီးမြို့နယ် မဲဆန္ဒနယ်အမှတ်(၂)မှာ ပါတီဥက္ကဋ္ဌကြီး ဦးအောင်သန်းတင့်က ဝင်ရောက်ယှဉ်ပြိုင်မှာ ဖြစ်ပါတယ်။ ရန်ကုန်တိုင်းဒေသကြီး တာမွေမြို့နယ် မဲဆန္ဒနယ်အမှတ်(၁)မှာ ဦးထူးဝေလင်းက ဝင်ရောက်ယှဉ်ပြိုင်ပါ့မယ်။ မွန်ပြည်နယ်နယ် ဗမာတိုင်းရင်း သားရေးရာ ကိုယ်စားလှယ်အဖြစ် ဗမာပြည်သူ့ပါတီရဲ့ တွဲဖက်အထွေထွေအတွင်းရေးမှုး ဦးဝဏူ္ဏစိုးတို့က ဝင်ရောက်ယှဉ်ပြိုင်သွားမှာဖြစ်ပါတယ်။ ဗမာပြည်သူ့ပါတီရဲ့ ကိုယ်စားလှယ်များက ပြည်သူ့ အကျိုးကို အမှန်တကယ် သယ်ပိုးမှာဖြစ်ကြောင်း တင်ပြအပ်ပါတယ်။

လေးစားအပ်ပါတဲ့ မဲဆန္ဒရှင်ပြည်သူများခင်ဗျား-

ကျွန်တော်တို့ဗမာပြည်သူ့ပါတီရဲ့ စီးပွားရေးမူဝါဒကတော့ ဈေးကွက် စီးပွားရေးစနစ်ပီပြင်စွာဖြစ်ပေါ်ရေးဖြစ်ပါတယ်။ ဈေးကွက်စီးပွားရေးစနစ် ပီပီပြင်ပြင်ဖြစ်ရင် ပြည်သူလူထုတစ်ရပ်လုံးရဲ့ စားဝတ်နေရေး ကိစ္စများ အဆင် ပြေချောမွေ့မှာဖြစ်ပါတယ်လို့ တင်ပြအပ်ပါတယ်။

ကျွန်တော်တို့ဗမာပြည်သူ့ပါတီရဲ့ ပညာရေးမူဝါဒကတော့ ဒီမိုကရေစီစနစ်နဲ့ အံဝင်ခွင်ကျဖြစ်တဲ့ ပညာရေးစနစ်ဖြစ်ထွန်းရေးဖြစ်ပါတယ်။ ဒီမိုကရေစီစနစ်ကမူ ပညာရေးကိုအခြေခံ လူ့အခွင့်အရေးတစ်ရပ် အဖြစ် အသိအမှတ်ပြုပါတယ်။ ကျေးလက်ဒေသတွေမှာ ပညာသင်ကြားနိုင်မှု အခွင့်အလမ်း တွေရရှိရေးက အရေးကြီးဆုံးဖြစ်ပါတယ်။ ကျေးလက်ဒေသတွေမှာ ပညာသင်ကြားမှုလွယ်ကူစေရန် စီမံဆောင်ရွက်မှာဖြစ်ပါတယ်။ ကျေးလက်ဒေသ မှာရှိတဲ့ လူဦးရေနဲ့ကိုက်ညီအောင် စာသင်ကျောင်းများတိုးချဲ့ဆောင်ရွက်မှာဖြစ်ပါတယ်။

 ကျွန်တော်တို့ဗမာပြည်သူ့ပါတီရဲ့ ကျန်းမာရေးမူဝါဒကတော့ ပြည်သူလူထုအားလုံး ကျန်းမာရေးစောင့်ရှောက်မှု အပြည့်အ၀ ရရှိနိုင်ရေးဖြစ်ပါတယ်။ ကျေးလက်ဒေသမှာ နေထိုင်တဲ့ လူဦးရေအချိုးက များနေပေမယ့် ကျေးလက်ဒေသမှာ ကျန်းမာရေးစောင့်ရှောက်မှုတွေ နည်းပါနေတာ တွေ့ရှိရပါတယ်။ ဒါကြောင့် ကျေးလက်ဒေသတွေမှာ ကျန်းမာရေးဌာနခွဲ (ဆေးခန်း) နဲ့ တိုက်နယ်ဆေးရုံတွေကို မျာများစားစား ဖွင့်လှစ်မှာ ဖြစ်ပါတယ်။ ကျေးရွာတိုင်း ကျေးရွာတိုင်း ကျန်းမာရေးဆေးပေးခန်းရှိအောင် ဆောင်ရွက်မှာဖြစ်ပါတယ်။

ဗမာပြည်သူ့ပါတီရဲ့ လူမှုရေး မူဝါဒကတော့ လမ်းပန်းဆက်သွယ်ရေး၊ကျေးလက်ဒေသမီးလင်းရေး၊ လယ်ယာထွက်ကုန်များ တိုးတက်မြင့်မားရေးတို့ကို ဆောင်ရွက်မှာဖြစ်ပါတယ်။ ကုန်ထုတ်လမ်းများ ဖောက်လုပ်မှာပြီး ကျေးရွာချင်းဆက်လမ်းများ၊ ကုန်ထုတ်လမ်းများ ဖောက်လုပ်မှာဖြစ်ပါတယ်။ လမ်းပန်းဆက်သွယ်ရေးကောင်းမှ ပညာရေး၊ ကျန်းမာရေးလည်း ပိုမိုကောင်းမွန်လာမှာဖြစ်ပါတယ်။ စီးပွားရေးလည်း ဖွံ့ဖြိုးတိုးတက်လာမှာ ဖြစ်ပါတယ်။ ကျေးလက်ဒေသ လျှပ်စစ်မီးရရှိရေးကလည်း အထူးအလေးထားဆောင်ရွက်မှာဖြစ်ပါတယ်။

ကျေးလက်ဒေသမှာ လျှပ်စစ်မီးရရှိပါက ကျေးလက်ဒေသတိုင်းမှာ အိမ်တွင်းစက်မှုလုပ်ငန်းများ တည်ထောင် နိုင်မှာဖြစ်တဲ့အတွက် တစ်ဦးချင်းဝင်ငွေများ တိုးတက်လာမှာ ဖြစ်ပါတယ်။ ကျေးလက်ဒေသ အလုပ်အကိုင် အခွင့်အလမ်းများ ပိုမိုများပြားလာအောင် ဆောင်ရွက်မှာဖြစ်ပါတယ်။ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဟာ ဗမာပြည်သူ့ပါတီရဲ့ ဦးတည်ချက်ဖြစ်ပါတယ်။

လေးစားအပ်ပါတဲ့ မဲဆန္ဒရှင်ပြည်သူများခင်ဗျား -

မြန်မာနိုင်ငံရဲ့ လူဦးရေ ၇၅ ရာခိုင်နှုန်းက ကျေးလက်ဒေသမှာနေထိုင်တဲ့ တောင်သူလယ်သမားများဖြစ်ကြပါတယ်။ အများစုလယ်သမားများကဆင်းရဲကြပါတယ်။ ပညာရေးနိမ့်ကျပါတယ်။နွမ်းပါးကြပါတယ်။ ပညာမသင် နိုင်တဲ့ လူဦးရေများပါတယ်။ တောင်သူလုပ်ငန်းပဲ ဆင်းဆင်းရဲရဲလုပ်ကိုင် ကြရပါတယ်။ အဲဒီတောင်သူလယ်သမားများကို ကာကွယ်ပေးမည့်ဥပဒေ တွေပြဋ္ဌာန်းနိုင်ရေးကလည်း ဗမာပြည်သူ့ ပါတီရဲ့ မဟာတဝန်တစ်ရပ်ဖြစ်ပါတယ်။အလုပ်သမားနဲ့ လယ်သမား လူတန်းစား ဘဝတိုးတက်မြင့်မားလာပါမှတိုင်းပြည်တိုးတက်မှာဖြစ်ပါတယ်။ အလုပ်သမား၊ လယ်သမားရဲ့ အကျိုး စီးပွားကို ဗမာပြည် သူ့ပါတီမှ ဦးစားပေးဆောင်ရွက်မှာဖြစ်ပါတယ်။

အလုပ်သမားအခွင့်အရေးအနေနဲ့ အလုပ်သမားသမဂ္ဂများဖွဲ့စည်းခွင့်နဲ့ စည်းရုံးခွင့်ရှိရန် ဆောင်ရွက်မှာဖြစ်ပါတယ်။ အလုပ်လုပ်သူတိုင်း လူ့ဂုဏ်သိက္ခာနဲ့ အညီ ရပ်တည်နိုင်ရေးအတွက် လုပ်ငန်းခွင် အခြေအနေကောင်းများ ဖန်တီးရေး၊ လူမှုဖူလုံရေး၊ မျှတသောအလုပ်ချိန်သတ်မှတ်ရေး၊ ခွင့်ရက်ရရှိရေးတို့ကို လွှတ်တော်မှဥပဒေပြဋ္ဌာန်းနိုင်ရန် ဗမာပြည်သူ့ပါတီမှဆောင်ရွက်မှာဖြစ်ပါတယ်။ လယ်သမား အခွင့်အရေးနဲ့  ပတ်သက်ပြီး လယ်သမားတိုင်းသီးနှံများကို လွတ်လပ်စွာစိုက်ပျိုးခွင့်၊ ရောင်းချခွင့်၊ ထုတ် လုပ်ခွင့်၊ အခွန်ဟူသမျှ ငွေကြေးနဲ့ပေးဆောင်ခွင့်၊ လယ်သမားသမဂ္ဂများ လွတ်လပ်စွာဖွဲ့စည်း တည်ထောင်ခွင့်နဲ့ စည်းရုံးခွင့်များရရှိနိုင်ရန် ဥပဒေများပြဋ္ဌာန်းဆောင်ရွက်သွားမှာဖြစ်ကြောင်း လေးစားစွာတင်ပြအပ်ပါတယ် ကျွန်တော်တို့  မြန်မာနိုင်ငံမှာ နှစ်ပေါင်း ၆၀ ကျော်ကြာအောင် ပြည်တွင်း စစ်ဖြစ်နေပါတယ်။ ပြည်တွင်းစစ်ဖြစ်တာကိုကြည့်ခြင်းအားဖြင့် တိုင်းရင်းသားစည်းလုံးညီညွတ်မှု အပြည့်အဝမရရှိကြောင်း ပေါ်လွင်စေပါတယ်။တိုင်းရင်းသားအချင်းချင်း အပြန်အလှန်ယုံကြည်မှု၊ အပြန်အလှန်လေစားမှု၊အပြန်အလှန် နားလည်မှုတို့ရှိမှသာ စည်းလုံးညီညွတ်မှာဖြစ်ပါတယ်။ပြည်တွင်းစစ် အမြန်ဆုံးချုပ်ငြိမ်းပြီး ငြိမ်းချမ်းရေးရရှိပါမှ တိုင်းပြည်ဖွံ့ဖြိုး တိုးတက်မှာဖြစ်ပါတယ်။

လေးစားအပ်ပါတဲ့ မဲဆန္ဒရှင်ပြည်သူများခင်ဗျား -

ယနေ့ကမ္ဘာ့ဟာ တစ်ဦးကောင်းတစ်ယောက်ကောင်းအစွမ်းဖြင့် ဗိုလ်ကျ စိုးမိုးနိုင်တဲ့ကမ္ဘာမဟုတ်တော့ပါဘူး။ တန်ခိုးရှင် လူစွမ်းကောင်းများရဲ့လက်ညှိုးညွှန်ရာရေဖြစ်တဲ့ ကမ္ဘာလည်းမဟုတ်ပါဘူး။ ယနေ့ကမ္ဘာဟာစည်းလုံးညီညွတ်ခြင်းရဲ့ ရလဒ်ပေါ်မှာတည်ရှိနေပါတယ်။ ပေါင်းစည်းညီညွတ် ခြင်းဟာ နိုင်ငံတစ်ခုတိုးတက်ဖို့အတွက် အဓိကမဏ္ဍိုင်ဖြစ်ပါတယ်။

ကျွန်တော်တို့မြန်မာနိုင်ငံမှာ အာဏာရှစ်စနစ်ပပျောက်ရေးနဲ့ ဒီမိုကရေစီစနစ် ရှင်သန်ထွန်းကားရေးအတွက် ပြည်သူလူထုအားလုံးမှာ တာဝန်ရှိပါတယ်။ ဒီတာဝန်ကို ညီညီညွတ်ညွတ်ဆောင်ရွက် ကြရမှာ ဖြစ်ပါတယ်။ ကျွန်တော်တို့ ဗမာပြည်သူ့ပါတီဟာ မိဘပြည်သူများနဲ့လက်တွဲပြီး အာဏာရှင်စနစ်နဲ့ ဒီမိုကရေစီစနစ်ရှင်သန်ထွန်းကားရေးကို ဆောင်ရွက်လျက်ရှိပါတယ်။ဒါကြောင့် ဗမာပြည်သူ့ ပါတီဟာ မိဘပြည်သူများနဲ့လက်တွဲပြီး မိမိပါတီဦးတည်ချက် မူဝါဒနဲ့ရှေ့လုပ်ငန်းများနဲ့အညီ ရှေ့ဆက်ပြီး အာဏာရှင်စနစ်ပပျောက်ရေး၊ ဒီမိုကရေစီစနစ်ရှင်သန်ရေးတို့ကို အလေးထားဆောင်ရွက် သွားမှာဖြစ်ပါကြောင်း တင်ပြအပ်ပါတယ်။

ဗမာပြည်သူ့ပါတီ

 ၁။  ပါတီအမည်  -  ဗမာပြည်သူ့ပါတီ
 ၂။  ပါတီအမည်(English)  -  Bamar People`s Party
 ၃။  ပါတီတည်ထောင် ခွင့်လျှောက်ထားသည့်နေ့  -  ၁၂.၇.၂၀၁၁
 ၄။  လာရောက်လျှောက်ထားစဉ်ပါတီအင်အား  -  ၁၆ ဦး
 ၅။  

လာရောက်လျှောက်ထားစဉ်ခေါင်းဆောင်နှင့်

ဒုတိယခေါင်းဆောင်

 -  ဦးအုန်းလွင်(နုတ်ထွက်)၊ ဦးထွန်းရွှေ (ကွယ်လွန်)
 ၆။  ပါတီတည်ထောင်ခွင့်ပြု့သည့်နေ့  -  ၂.၉.၂၀၁၁
 ၇။  ပါတီမှတ်ပုံတင်ခွင့်လျှောက်ထားသည့်နေ့  -  ၅.၉.၂၀၁၁
 ၈။  ပါတီမှတ်ပုံတင်ခွင့်ပြုသသည့်နေ့  -  ၁၄.၁၀.၂၀၁၁
 ၉။  ခွင့်ပြုသည့်ပါတီအမှတ်စဉ်  -  အမှတ်စဉ်(၄၆)
 ၁၀။  ခွင့်ပြု့သည့်ပါတိအလံ  -  
 ၁၁။  ခွင့်ပြု့သည့် ပါတီတံဆိပ်  -  
 ၁၂။  ပါတီ ဥက္ကဋ္ဌ နှင့်ဗဟိုအလုပ်အမှုဆောင်စာရင်း  -  ဦးအောင်သန်းတင့်၊ ဦးသက်ဦး(ထွေ/မှုး)
 ၁၃။  ပါတီနယ်မြေ  -  ပြည်ထောင်စုတစ်ဝန်းလုံး
 ၁၄။  ပါတီ ရုံးချုပ်တည်နေရာ  -  အမှတ်(၁၀)၊ဂေါသကလမ်း၊ သာယာကုန်း ရပ်ကွက်၊ မင်္ဂလာတောင်ညွန့်မြို့နယ်၊ ရန်ကုန်းတိုင်းဒေသကြီး။
 ၁၅။  ဆက်သွယ်ရန် ဖုန်း နှင့် ဖက်စ်  -  ဦးထွန်းရွှေ(၀၁-၂၉၆၆၉၃၊ ၀၁-၅၅၃၆၄၄)
 ၁၆။  ပါတီ၏ မူဝါဒလမ်းစဉ်များ  -  PDFDownload

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly