RCSS ထိန်းချုပ်ရာ နယ်မြေအတွင်း လုံခြံုမှုမရှိ မဲဆွယ်စည်းရုံးခွင့် ရပ်ဆိုင်းထားရန် ထုတ်ပြန်

RCSS ထိန်းချုပ်ရာ နယ်မြေအတွင်း လုံခြံုမှုမရှိ မဲဆွယ်စည်းရုံးခွင့် ရပ်ဆိုင်းထားရန် ထုတ်ပြန်

ရန်ကုန်၊ စက်တင်ဘာ ၁၇။        ။သျှမ်းပြည် ပြန်လည်ထူဆောင်ရေးကောင်စီ ထိန်းချုပ်ရာနယ်မြေအတွင်း တိုက်ပွဲများ ဖြစ်ပွားနေပြီး လုံခြုံမှုမရှိသဖြင့် နိုင်ငံရေးပါတီများ မဲဆွယ်စည်းရုံးခွင့် ရပ်ဆိုင်းထားရန် သျှမ်းပြည် ပြန်လည်ထူထောင်ရေး ကောင်စီ ဗဟိုအလုပ်အမှုဆောင်ကော်မတီက စက်တင်ဘာ ၁၆ ရက် ရက်စွဲဖြင့် ထုတ်ပြန်ကြေညာလိုက်သည်။

"ရွေးကောက်ပွဲဆိုင်ရာ စည်းရုံးရေးနှင့် မဲဆွယ်ခြင်း လုပ်ငန်းဆိုင်ရာများ လုပ်ဆောင်လျက်ရှိသော နိုင်ငံရေးပါတီများအတွက် လတ်တလော နယ်မြေအခြေအနေအရ ဘေးကင်းလုံခြုံမှု မရှိပါသဖြင့်" ဟု ထုတ်ပြန်ချက်တွင် ပါရှိသည်။ ထို့ကြောင့် "မိမိတို့ ထိန်းချုပ်ရာ နယ်မြေများအတွင်း ပါတီ မဲဆွယ်ခြင်းနှင့် စည်းရုံးရေး ဆိုင်ရာ လုပ်ငန်းများအား ဘေးကင်းလုံခြုံမှု ရှိသည့်အချိန်အခါအထိ ခေတ္တ ရပ်ဆိုင်း ပေးထားကြပါရန်" ဟု ထုတ်ပြန်ချက်တွင် ပါရှိသည်။

ထုတ်ပြန်ချက်တွင် စက်တင်ဘာ ၁၆ ရက်နှင့် ၁၇ ရက် များတွင် တိုက်ပွဲ ၇ ကြိမ် ဖြစ်ပွားခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ပါရှိသည်။ RCSS ၏ ပြောခွင့်ရ ဗိုလ်မှူးကြီး သက်လှ ကလည်း တိုက်ပွဲများ ဖြစ်ပွားသည်မှာ မှန်ကန်ပြီး မဲဆွယ်စည်းရုံးခွင့် ရပ်ဆိုင်းထားရန် ထုတ်ပြန်ထားသည်ဟု မဇ္ဈိမသို့ အတိပြုပြောကြားသည်။

မဲဆွယ်စည်းရုံးခွင့် ရပ်ဆိုင်းထားရန် ထုတ်ပြန်ထားသည့် နယ်မြေများတွင် ရှမ်းပြည်နယ်(တောင်ပိုင်း) လွိုင်လင်မြို့နယ်၊ ကွန်ဟိန်းမြို့နယ်၊ လင်းခေးမြို့နယ်၊ မောက်မယ်မြို့နယ်နှင့် ကျောက်မဲမြို့နယ်တို့ ပါဝင်သည်ဟုလည်း ဗိုလ်မှူးကြီး သက်လှက ပြောသည်။

လွိုင်လင်မြို့နယ်တွင် တသီးပုဂ္ဂလ ကိုယ်စားလှယ်လောင်း ဦးစိုင်းကျော်ဇောသန်းနှင့် ဦးမြင့်အောင်၊ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၏ အမတ်လောင်း ဦးခင်မောင်သီ၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တီပါတီအမတ်လောင်း ဦးစိုင်းကျော်မြင့်၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်၏ အမတ်လောင်း ဒေါ်နန်းရွှေအုံ၊ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်မှ ဦးရဲလှိုင်၊ ညီညွတ်သော ဒီမိုကရက်တစ်ပါတီမှ ဦးစိုင်းမင်းဦးတို့က စာရင်းပေးသွင်းထားသည်။

ကွန်ဟိန်းမဲဆန္ဒနယ်တွင် ဝင်ရောက်ယှဉ်ပြိုင်ရန် စာရင်းပေးသွင်းထားသူများတွင် ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီမှ ဒေါ်နန်းဝါနု၊ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ဦးစိုင်းကျော်လှ၊ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်မှ ဒေါက်တာ ကျော်သူရနှင့် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်မှ အမတ်လောင်း ဒေါ်နန်းခင်စောတို့က စာရင်း ပေးသွင်းထားသည်။

လင်းခေး မြို့နယ်တွင် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ဦးစိုင်းကျော်ဋ္ဌေး၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီမှ ဦးစိုင်းလွင်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ဒေါ်နန်းနေနီနုနုထွေး၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရစီအဖွဲ့ချုပ်မှ ဦးစိုင်းဘသိန်းတို့က ဝင်ရောက် ယှဉ်ပြိုင်ရန် စာရင်းပေးသွင်းထားသည်။

မောက်မယ် မဲဆန္ဒနယ်တွင်မူ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ဦးစိုင်းငေါင်းဟိန်း၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ်မှ ဦးစိုင်းနော်ဆိုင်၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီမှ ဦးစိုငးထွန်းမြင့်နှင့် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်မှ ဒေါ်နန်းလှခင်တို့က စာရင်းပေးသွင်းထားသည်။

ကျောက်မဲ မဲဆန္ဒနယ်တွင်မူ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ဦးစိုင်းစိန်လင်း၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီမှ ဦးနယ်(လ်) ဆင် ခေါ် ဆောင်ဆီ၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲချုပ်မှ ဦးစိုင်းထွန်းနှင်၊ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်မှ ဦးတင်အောင်သိန်းနှင့် တအာင်း(ပလောင်) အမျိုးသားပါတီမှ ဦးစိုင်းဆာနု (ခ) ဦးသာနု တို့က စာရင်း ပေးသွင်းထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required