နိုင်ငံ၏ သိက္ခာနှင့် ပုံရိပ်တိုးတက်ရေးသည် ၂၀၁၅ ရွေးကောက်ပွဲအပေါ်တွင် တည်မှီနေ

နိုင်ငံ၏ သိက္ခာနှင့် ပုံရိပ်တိုးတက်ရေးသည် ၂၀၁၅ ရွေးကောက်ပွဲအပေါ်တွင် တည်မှီနေ

ရန်ကုန်၊ စက်တင်ဘာ ၁၅ ရက်။ ။ နိုင်ငံတော်၏ သိက္ခာနှင့် ပုံရိပ်တိုးတက်ရေးသည် ၂၀၁၅ ရွေးကောက်ပွဲအပေါ်တွင် တည်မှီနေခြင်းကြောင့် တာဝန်ရှိသူများ အနေဖြင့် အေးချမ်းပြီး လွတ်လပ်တရားမျှတသော ရွေးကောက်ပွဲဖြစ်စေရေး ကြိုးစားဆောင်ရွက်ကြပါရန် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌက တိုက်တွန်းပြောကြားလိုက်သည်။

နေပြည်တော်၌ ကျင်းပသည့် ရွေးကောက်ပွဲဆိုင်ရာ စေ့စပ်ညှိနှိုင်းရေး ဗဟိုကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေးသို့ တက်ရောက် လာသူများအား တိုက်တွန်းပြောဆိုလိုက်ခြင်းဖြစ်သည်။

လုံခြုံရေး ဆောင်ရွက်မည့်အဖွဲ့အစည်းများနှင့် ဆက်စပ်ဆောင်ရွက်ရန် ဖွဲ့စည်းထားသည့် ရွေးကောက်ပွဲဆိုင်ရာ စေ့စပ် ညှိနှိုင်းရေး ကော်မတီအစည်းအဝေးကို စက်တင်ဘာ ၁၄ ရက်တွင်ကျင်းပရာ ပြည်ထောင်စုကော်မရှင်အဖွဲ့ဝင်များ၊ တိုင်း/ပြည်နယ်ကော်မရှင် အဖွဲ့ခွဲဥက္ကဋ္ဌများ၊ ဝန်ကြီးဌာနများ၊ နိုင်ငံရေးပါတီ ၁၀ ပါတီမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။

နိုဝင်ဘာ ၈ ရက် ရွေးကောက်ပွဲသည် မြန်မာနိုင်ငံအတွက် အရေးကြီးသကဲ့သို့ တကမ္ဘာလုံးကလည်း စိတ်ဝင်တစားလေ့လာ စောင့်ကြည့်နေကြသည်ဟုလည်း ဥက္ကဌ ဦးတင်အေးကပြောသည်။

လုံခြုံရေးကိစ္စနှင့် စပ်လျဉ်း၍ Electoral Risk Management Tool-ERM Tool အလုပ်ရုံ ဆွေးနွေးပွဲများ၏ ဖော်ထုတ်ချက်အရ အကြမ်းဖက်မှုများ ဖြစ်လာနိုင်မည့် အကြောင်းရင်းများကို ကြိုတင်လက်ဦးမှု ရရှိစေရန် ပြည်ထဲရေး ဝန်ကြီးဌာနက ဗဟို၊ တိုင်း/ပြည်နယ်၊ ခရိုင်၊ မြို့နယ်နှင့် ရပ်/ကျေးအဆင့်အထိ လုံခြုံရေး ကော်မတီများဖွဲ့စည်းပြီး တပ်ဖွဲ့ဝင်သစ်များ စုဆောင်းခြင်း၊ လေ့ကျင့်ခြင်း၊ ပညာပေးခြင်းများ ဆောင်ရွက်နေပြီဟုလည်း သိရသည်။

ရွေးကောက်ပွဲဆိုင်ရာ စေ့စပ်ညှိနှိုင်းရေး ကော်မတီကို ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်၊ တိုင်း/ပြည်နယ် ကော်မရှင် အဖွဲ့ခွဲ ဥက္ကဋ္ဌများ၊ ဝန်ကြီးဌာန အသီးသီးမှ တာဝန်ရှိသူများ၊ ရွေးကောက်ပွဲတွင် ဝင်ပြိုင်မည့် ပါတီ (၁၀) ပါတီမှ ကိုယ်စားလှယ်များဖြင့် ဖွဲ့စည်းထားခြင်း ဖြစ်သည်။ ရွေးကောက်ပွဲဆိုင်ရာ စေ့စပ်ညှိနှိုင်းရေး ကော်မတီဖွဲ့စည်းရခြင်း၏ ရည်ရွယ်ချက် နောက်တစ်ခုမှာ ရွေးကောက်ပွဲတွင် ပဋိပက္ခများ မဖြစ်ပွားစေရန် ကြိုတင်သတင်းရယူ ညှိနှိုင်းပေးရန်နှင့် အငြင်းပွားမှုများ ဖြစ်လာပါကလည်း ဥပဒေများ၊ ကျင့်ဝတ်များ လိုက်နာ၍ အငြင်းပွားရာဒေသသို့ သွားရောက်ညှိနှိုင်း ဖြေရှင်းပေးရန် ဖြစ်သည်ဟု သိရသည်။

ညှိနှိုင်း ဖြေရှင်း၍မရပါကမူ တည်ငြိမ်အေးချမ်းသော ရွေးကောက်ပွဲဖြစ်စေရန် လုံခြုံရေးတာဝန်ယူရသည့် အဖွဲ့အစည်းက ဆက်လက် ဆောင်ရွက်သွားမည်ဟု ဦးတင်အေးကပြောသည်။ ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် ပြဌာန်းဥပဒေများကို လေးစားကြရမည်ဖြစ်ပြီး မဲဆွယ်ကာလတွင် လိုက်နာရန်အတွက်လည်း ညွှန်ကြားချက် ၁/၂၀၁၄ ကို ထုတ်ပြန်ထားသည်ဟုဆိုသည်။

ထို့အပြင် ပါတီများကိုယ်တိုင်ရေးဆွဲထားပြီး လက်မှတ်ထိုးထား သည့် အမတ်လောင်းများနှင့် ပါတီဝင်များလိုက်နာရမည့် ကျင့်ဝတ်များ၊ ရွေးကောက်ပွဲဥပဒေ အခန်း (၁၃) ရွေးကောက်ပွဲဆိုင်ရာ ပြစ်မှု ပြစ်ဒဏ်များ၊ အခန်း (၁၄) တရားမဲ့ ပြုကျင့်မှုများကို လေ့လာ၍ လိုက်နာ ကျင့်သုံးပြီး ဥပဒေ၏ အကာအကွယ် ရယူကြရန်လည်း ပြောကြားသွားသည်။ အမတ်လောင်းများအနေဖြင့် မဲဆွယ်စည်းရုံးကြရာတွင် အသိတရားနှင့် ယှဉ်၍ စည်းကမ်းလိုက်နာကြရန် လိုအပ်သည်ဟုလည်း ပြောဆိုသွားသည်။ Ref; Myawady

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly