အိုင်အက်စ်တို့ ဖမ်းဆီးထားသော ဓားစာခံအတွက် ရွေးကြေးပေးမည်မဟုတ်ဟု နော်ဝေပြောကြား

အိုင်အက်စ်တို့ ဖမ်းဆီးထားသော ဓားစာခံအတွက် ရွေးကြေးပေးမည်မဟုတ်ဟု နော်ဝေပြောကြား

အော့စလို၊ စက်တင်ဘာ-၁၀ ။   ။  ဇန်နဝါရီလကတည်းက ဆီးရီးယားတွင် ဓားစာခံအဖြစ် အဖမ်းဆီးခံထားခဲ့ရသည့် နော်ဝေနိုင်ငံသား အမျိုးသားတစ်ယောက်မှာ အိုင်အက်စ်အကြမ်းဖက်သမားများ၏ လက်ထဲတွင်ရှိနေဆဲဟု ယုံကြည်ရကြောင်းနှင့် ပြန်လွှတ်ပေးရန်အတွက် အိုင်အက်စ်တို့၏ ရွေးကြေးတောင်းဆိုမှုကိုလည်း အလျှော့ပေးသွားမည်မဟုတ်ကြောင်း ဝန်ကြီးချုပ် အာနာ ဆိုးဘာ့က စက်တင်ဘာ ၉ရက်နေ့တွင် ပြောကြားခဲ့သည်။

ကျမတို့ရဲ့ ရည်မှန်းချက်က ကျမတို့နိုင်ငံသား အိမ်ပြန်ရောက်လာဖို့ပါ။ ဒါက တော်တော်စိတ်ရှည်ရတဲ့ ကိစ္စပါပဲဟု သူမက သတင်းစာရှင်းလင်းပွဲတစ်ခုတွင် ပြောကြားခဲ့သည်။

သူမက ဓားစာခံ၏ အမည်ကို ထုတ်ဖော်ပြောကြားခြင်းမရှိသော်လည်း ထိုသူမှာ အသက်၄၀တွင်းရှိပြီဖြစ်ပြီး ပထမဆုံးအဖမ်းခံရစဉ်ကတည်းက အုပ်စုနှစ်စုသုံးစုလက်သို့ ပြောင်းခဲ့ပြီဖြစ်ကြောင်း ပြောကြားခဲ့သည်။

အစိုးရက ဒီကိစ္စကို အလေးအနက်ထားပါတယ်။ အကြမ်းဖက်သမားတွေ၊ ရာဇဝတ်ကောင်တွေရဲ့ ဖိအားကို အညံ့ခံသွားမှာမဟုတ်ဘူး။ နော်ဝေက ရွေးကြေးပေးမှာမဟုတ်ဘူး။ ယုတ်မာရိုင်းစိုင်းတဲ့ အကြမ်းဖက်သမားတွေနဲ့ ရင်ဆိုင်ရာမှာ အလျှော့မပေးနိုင်တာ ကျမတို့ရဲ့ မူပါဟု သူမက ပြောကြားခဲ့သည်။  

အကယ်ရျ် ရွေးကြေးပေးလိုက်ပါက အခြားနော်ဝေနိုင်ငံသားများ ထပ်မံပြန်ပေးဆွဲခံရနိုင်သည့် အန္တရာယ်ရှိသည်ဟုလည်း သူမက ပြောကြားခဲ့သည်။

အိုင်အက်စ်တို့၏ အွန်လိုင်းမဂဇင်း Dabiq ပိုင်ဝဘ်ဆိုက်တစ်ခုတွင် ၎င်းတို့က နော်ဝေနိုင်ငံသားနှင့် တရုတ်နိုင်ငံသားဟု ပြောသည့် လူ၂ယောက်၏ ပုံများကို တင်ထားရာ နှစ်ယောက်စလုံးကို ၎င်းတို့၏ အစိုးရများက လျစ်လျူရှုထားသည်ဟု ပြောကြားထားပြီး ရွေးကြေးပေးပါက ဓားစာခံနှစ်ယောက်ကို ပြန်လွှတ်ပေးနိုင်သည်ဟုလည်း တောင်းဆိုထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly