နေပြည်တော် (မဇ္ဈိမ) ။ ။ လာမည့်ရွေးကောက်ပွဲတွင် နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်၊ ပြည်သူ့လွှတ်တော်နေရာတွင် ဝင်ရောက်ယှဉ်ပြိုင်မည့် လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးမြင့်လှိုင်ကို မဲပေးရန် စာသားများပါဝင်သည့် ထီးနှင့် ယပ်တောင်များကို အဆိုပါမြို့နယ်အတွင်းရှိ ရွာသစ်ကျေးရွာသားများကို စက်တင်ဘာ ၄ရက်တွင် လိုက်လံဝေငှခဲ့သည်။
ရွာသစ်ကျေးရွာစာသင်ကျောင်းတွင် ကျောင်းသားမိဘများကို ရွာလူကြီးက ဆင့်ခေါ်ခဲ့ခြင်းဖြစ်ပြီး အဆိုပါ ယပ်တောင်နှင့် ထီးများကို လယ်/ဆည် ညွှန်ကြားရေးမှူးချုပ်(ငြိမ်း) ဦးကျော်ဝင်းဦးဆောင်ကာ ဝေငှခဲ့ခြင်းဖြစ်သည်ဟု ဒေသခံများက မဇ္ဈိမကို ပြောသည်။
ဝေငှခဲ့သည့် ထီးတွင် ရေးသားထားသည့် စာသားမှာ "ဒို့အတွက် အမှန်တစ်ကယ်အကျိုးပြုမည့် ကိုယ်စားလှယ် ဦးမြင့်လှိုင်ကို ဒို့အားလုံး ထောက်ခံဆန္ဒမဲ ပေးကြပါစို့" ဟူ၍ဖြစ်သည်။
ထီး၊ ယပ်တောင်အပြင် ကျောင်းသားဝတ်စုံများကိုလည်း ဝေငှခဲ့သေးသည်။ ရွာသစ်ကျေးရွာအပြင် မကျည်းကုန်းကျေးရွာရှိ စာသင်ကျောင်းကို ဆက်သွားဦးမည်ဟု ဒေသခံများက ပြောသည်။