ဇူလိုင် ၂၃၊ ပလန်ဘမ်း ။ ။ ဒေါသထွက်နေတဲ့ အင်ဒိုနီးရှားဘောလုံးပရိသတ်တွေဟာ အာရှအားကစားပြိုင်ပွဲမှာအသုံးပြုမယ့် ဘောလုံးကွင်းထဲက ပလက်စတစ်ထိုင်ခုံတွေကို ချိုးဖဲ့ဖျက်ဆီးခဲ့ပြီး ကွင်းထဲကို ပစ်ပေါက်ခဲ့ကြတယ်လို့ တာဝန်ရှိသူတစ်ဦးက တနင်္ဂနွေနေ့မှာ ပြောဆိုလိုက်ပါတယ်။
ဆူမတ်တျားကျွန်းပေါ်က ပလန်ဘမ်းမှာရှိတဲ့ ဂလိုရီယာ ဆရီဝီဂျာရာကွင်းမှာ ဆရီဝီဂျာရာအသင်းနဲ့ အာရီမာအသင်းတို့ စနေနေ့က ကစားခဲ့တဲ့ အမှတ်ပေးပွဲဟာ ပရိသတ်တွေ သောင်းကျန်းလို့ အကျည်းတန်ခဲ့ရတာပါ။
ပရိသတ်တွေ ချို့ဖဲ့ပစ်ပေါက်ထားတဲ့ ရောင်စုံ ထိုင်ခုံတွေဟာ ကွင်းရဲ့ပြေးလမ်းဘေးနားထိ ပြန့်ကျဲနေပါတယ်။
ဒီအဖြစ်အပျက်နဲ့ ပတ်သက်ပြီး ကွင်းလုံခြုံရေး ကြီးကြပ်ရေးမှူး ရူဆလီ နာဝီက “ပွဲအချိန်အတွင်း ကွင်းရဲ့ထိုင်ခုံတွေကို ဖျက်ဆီးခဲ့တဲ့ ပရိသတ်တွေရဲ့ လုပ်ရပ်ကြောင့် ကျွန်တော်တို့ စိတ်မကောင်းဖြစ်ရပါတယ်။
ကျွန်တော်ဒီမှာလုပ်လာတာ ၁၀ နှစ်နီးပါးရှိပါပြီ။ မနေ့ကလိုအဖြစ်မျိုး တစ်ခါမှ မကြုံဖူးပါဘူး” လို့ ပြောဆိုခဲ့ပါတယ်။
အဲဒီကွင်းဟာ သြဂုတ် ၁၈ ကနေ စက်တင်ဘာ ၂ ထိ ပလန်ဘမ်းနဲ့ ဂျာကာတာမှာ ကျင်းပမယ့် အာရှအားကစားပြိုင်ပွဲအတွက် ပြန်လည်ပြုပြင်ထားတဲ့ ကွင်းဖြစ်ပါတယ်။
ထိုင်ခုံ ၃၃၅ လုံးလောက် ပျက်စီးသွားခဲ့ပြီး အဲဒီထဲက တစ်ဝက်လောက်ကို ပြည်ပကနေ ပြန်လည်မှာယူ အစားထိုးရတော့မှာ ဖြစ်ပါတယ်။
အိမ်ရှင်အသင်း သုံးဂိုး၊ ဂိုးမရှိနဲ့ ရှုံးနေချိန်မှာ ဆရီဝီဂျာရာ ပရိသတ်တွေ ဒေါသထွက်လာကြပြီး ဖျက်လိုဖျက်ဆီးလုပ်လာခဲ့ကြ တာပါ။ အဲဒီအတွက် လူလေးဦးကို ရဲက ဖမ်းထားပါတယ်။ အဖြစ်အပျက်မှာ တစ်ဦးတစ်ယောက်မှတော့ ဒဏ်ရာမရခဲ့ပါဘူး။
အာရှနိုင်ငံပေါင်း ၄၅ နိုင်ငံမှ ကစားသမားပေါင်း ၁၁,၀၀၀ ခန့်က အာရှအားကစားပြိုင်ပွဲမှာ ဝင်ပြိုင်မှာဖြစ်ပြီး ဒီပြိုင်ပွဲဟာ အိုလံပစ်အားကစားပြိုင်ပွဲပြီးရင် ကမ္ဘာ့အကြီးဆုံး အားကစားပြိုင်ပွဲဖြစ်ပါတယ်။
Ref; AFP