ရန်ကုန်၊ ဇူလိုင် ၂၀ ။ ။ မိုးအဆက်မပြတ် ရွာသွန်းပြီး တနင်္သာရီမြစ်ရေတိုးလာမှုကြောင့် တနင်္သာရီမြို့ရှိ ရပ်ကွက်နှင့် ကျေးရွာများတွင် ရေဘေးသင့်ပြည်သူ ၂၀၀၀ နီးပါးအထိ ရှိလာကြောင်း တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးရဲမြင့်ဆွေကပြောသည်။
ရေကြီးမှုကြောင့် တနင်္သာရီမြို့ပေါ်ရှိ ရပ်ကွက် ၂ခုနှင့် ကျေးရွာ၂၅ ရွာမှ လူ၁၇၀၀ကျော် ရေဘေး သင့်နေရသည်ဟု ၎င်းကဆိုသည်။
“ ရေက ၂၆ ပေ ၂လက်မရှိပါတယ်။ ဒီတနင်္သာရီမြို့က ရေမြုပ်တဲ့ကျေးရွာတွေအတွက် စိုးရိမ်ရတဲ့ အနေအထားပါ”ဟု ဦးရဲမြင့်ဆွေ ကပြောသည်။
တနင်္သာရီမြို့တွင် ရေးဘေးကယ်ဆယ်ရေးစခန်း ၁၁ခုဖွင့်လှစ်ထားရှိပြီး ရေဘေးသင့်ပြည်သူ ၁၇၀၀ ကျော်အနက် ၁၀၀၀ ကျော်မှာ ရေဘေးရှောင်စခန်းများတွင် လာရောက်ခိုလှုံနေကြကြောင်းသိရသည်။
ရေထပ်တိုးလာနိုင်ခြေ ရှိ၊ မရှိကိုတော့ ဦးရဲမြင့်ဆွေက “ ရေကတိုးလာတယ်လို့တော့ပြောလို့ရတယ်။ ဒါပေမယ့် ဒီနေ့နေ့လယ်ပိုင်းကတော့ ရာသီဥတုကောင်းနေတယ်။ မိုးမရွာတော့ဘူးပေါ့ “ ဟုဆိုသည်။
တနင်္သာရီမြစ်ရေသည် ဇူလိုင်၁၇ ရက်နေ့မှစတင်ကာ ဆက်တိုက်မြင့်တတ်လာပြီး ဇူလိုင် ၂၀ ရက်တွင် မြို့ပေါ်ရပ်ကွက်၂ခုနှင့် ကျေးရွာ ၂၅ရွာကို ရေလွှမ်းမိုးခဲ့သည်။
ထို့ကြောင့် မြို့ပေါ်နှင့်ကျေးရွာများရှိ အခြေခံပညာ စာသင်ကျောင်းအားလုံးကို ဇူလိုင် ၁၈ ရက် ကတည်းက ယာယီပိတ်ထားခဲ့ရပြီး မြိတ် - ကော့သောင်း လမ်းပိုင်း တွင်လည်း ရေဖုံးလွှမ်းလျှက် ရှိသည်။