မက္ကဆီကိုစီးတီး၊ ဇူလိုင် ၁၈ ။ ။ မက္ကဆီကိုနိုင်ငံ တောင်ပိုင်းက အော့ဆာကာပြည်နယ်မှာ မြေယာအငြင်းပွားမှုနဲ့ ပတ်သက်ပြီး အုပ်စုနှစ်ရပ်ကြား အဓိကရုဏ်းတိုက်ပွဲ ဖြစ်ပွားပြီး လူ ၁၃ ဦး အနည်းဆုံး သေဆုံးပြီး တစ်ဦး ပျောက်ဆုံးနေကြောင်း အစိုးရရှေ့နေတွေက ဇူလိုင် ၁၇ ရက်မှာ ပြောပါတယ်။
ယက်တီပတ်ခရိုင်မှာ မြေယာအငြင်းပွားမှုနဲ့ ပတ်သက်ပြီး သေနတ်ကိုင် ပစ်ခတ်မှုတွေ ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။ ဘုံမြေယာအသင်း အဖွဲ့ဝင်တွေဆီ အနီးဝန်းကျင်က အုပ်စုတစ်ရပ်က အဖွဲ့ဝင်တွေက အငြင်းပွားနယ်မြေအတွင်း ဝင်ရောက်လာကာ တိုက်ခိုက်မှုတွေ ဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း အစိုးရရှေ့နေတွေက ထုတ်ပြန်ပါတယ်။
သေဆုံးသူတွေမှာ အမျိုးသမီး နှစ်ဦး ပါဝင်ပြီး ကျန်အမျိုးသမီးတစ်ဦးလည်း ဒဏ်ရာရကြောင်း ဒေသအာဏာပိုင်တွေက ပြောပါတယ်။
ဒီ နှစ်ဖက်တိုက်ခိုက်မှု ဖြစ်ပွားပြီးနောက်မှာ နယ်မြေဧရိယာကို ရဲဒါဇင်အချို့ ဖြန့်ကြက်ထားပါတယ်။
မြေယာအငြင်းပွားမှုကြောင့် တိုက်ပွဲခိုက်ရန် ဖြစ်ပွားတဲ့ အုပ်စုနှစ်စုဟာ ဆန်တာမာရီယာနဲ့ ဆန်လူးကပ်စ်ဆိုတဲ့ မြေယာအသင်း အုပ်စုနှစ်စုဖြစ်ကြပြီး ဆန်တာမာရီယာက အဖွဲ့ဝင်တွေဟာ အငြင်းပွားဧရိယာအတွင်း ဝင်ရောက်လာကြရာက အချင်းများကြကာ ပစ်ခတ်မှုတွေ ဖြစ်ပွားခဲ့တာလို့ ဌာနေမီဒီယာတွေက ဖော်ပြထားပါတယ်။
သေဆုံးသူအားလုံးဟာ ဆန်တာမာရီယာအဖွဲ့ဝင်တွေ ဖြစ်ကြောင်း ပြည်နယ်အစိုးရရှေ့နေ ရူဘင်ဗက်စ်ကွန်ဆဲလ်လိုက ပြောခဲ့ပါတယ်။