မြေပုံ၊ ဇူလိုင်လ ၁၇ ရက်။ ။ ရခိုင်ပြည်နယ် မြေပုံမြို့နယ်ရှိ အတွင်းငခူးချောင်းကျေးရွာမှာ လေဆင်နှာမောင်းဝင်ရောက် တိုက်ခတ်ခဲ့မှုကြောင့် လူနေအိမ် ၂၉ အိမ်ထက်မနည်း ပျက်စီးခဲ့ရသည်။
ဇူလိုင်လ ၁၇ ရက်နေ့ နံနက် ၁ နာရီကျော်ခန့်မှာ တိုက်ခတ်ခဲ့သည့် အဆိုပါ လေဆင်နှာမောင်းကြောင့် တစိတ်တပိုင်း ပြိုပျက်သွားသော လူနေအိမ် ၂၃ ဆောင်နှင့် လုံးဝပြိုလဲပျက်စီးသွားသော နေအိမ် ၆ ဆောင် စုစုပေါင်း ၂၉ ဆောင်ထိ ရှိခဲ့ပြီး ပျက်စီးဆုံးရှုံးမှု ကာလတန်ဖိုး စုစုပေါင်း ငွေကျပ် ၄၁ သိန်းခန့် ရှိသည်ဟု မြေပုံမြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။
“ လူကယ်ပြန်ကတော့ မနက်ဖြန်လောက် ရောက်မယ်လို့ပြောတယ်။ ကျနော်တို့ အထက်ကို အကုန်လုံး ဆက်သွယ်ထားတယ်။ ထိခိုက်မှုတွေ မရှိပါဘူး။” ဟု မြေပုံမြို့နယ် ဒုအုပ်ချုပ်ရေးမှူး ဦးစိန်လှမောင်က ဆိုသည်။
လက်ရှိတွင် တစ်စိတ်တစ်ပိုင်း ပြိုပျက်သွားသူများ၏ နေအိမ်တို့ကို ပြန်လည်ပြုပြင်နေပြီး အိမ်တဆောင်လုံး ပြိုပျက်စီးသွားသူများ အနေဖြင့် နီးစပ်ရာ ဘုန်းတော်ကြီးကျောင်းနှင့် ဆွေမျိုးအိမ်များ၌ ယာယီခိုလှုံ နေထိုင်နေကြရသည်။
ပြီးခဲ့သည့် ဇူလိုင်လ ၃ ရက်နေ့ကလည်း မြေပုံမြို့နှင့် ကပ်လျက်တည်ရှိသည့် မင်းပြားမြို့နယ်တွင် လေဆင်နှာမောင်း ဝင်ရောက်တိုက်ခတ်ခဲ့ပြီး မင်းပြားမြို့မဈေးကြီး အဆောက်အဦးမှာ ပေ ၃၀ ခန့် အမိုးလန် ပျက်စီးရခဲ့သည်။
မြေပုံမြို့နယ်သည် ဟန်တာ ပင်လယ်အော်ကမ်းခြေရှိ ကျွန်းကလေးပေါ်တွင် တည်ရှိပြီး ရာသီဥတုဆိုးရွားမှုဒဏ်ကို ရခိုင်ပြည်နယ်ထဲတွင် ကြုံတွေ့ရမှု အများဆုံး ဒေသတစ်ခုလည်း ဖြစ်သည်။