ရန်ကုန်၊ ဇူလိုင် ၃ ။ ။ ကယားပြည်နယ်၊ လွိုင်ကော်မြို့တွင် တိုင်းအစိုးရမှ ဒေသခံများသဘောမတိုင်ပင်ဘဲ တည်ဆောက်နေသည် ဟုဆိုသော ဗိုလ်ချုပ်ကြေးရုပ်ကို မလိုလားသည့် ဆန္ဒပြသူများကိုရမှ တားဆီးသည့်အချိန်တွင် ရုန်းရင်းဆန်ခတ် ဖြစ်ပွားခဲ့ကြောင်း သိရသည်။
“ ကျွန်တော်တို့က ဆန္ဒပြတဲ့သူတွေရဲ့သဘောထားကိုမေးတော့ ဆက်သွားမယ်ဆိုတဲ့အတွက်ကြောင့် လက်နက်မပါဘဲ ဆက်သွားတဲ့အချိန်မှာ သေနတ်တွေနဲ့ နံပါတ်တုတ်တွေနဲ့ ရိုက်တယ်။ ဖြစ်တော့ ဖြစ်သွားတယ်ပေါ့ “ ဟု ဆန္ဒပြဦးဆောင်သူ ခွန်းဘားနဒ်ဘုတ်ကပြောသည်။
ဇူလိုင် ၃ ရက်နေ့ နေ့လယ် ၁၂ နာရီခန့်တွင် အင်အား ၁၀၀ လောက်ကလွိုင်ကော်မြို့ နာရီစင်မှစတင်ကာ ဗိုလ်ချုပ်ကြေးရုပ်ထားရှိမည့် ကန္တာဟေဝန် ပန်းခြံထိချီတက်လာစဉ် ဖြစ်ပွားခဲ့ခြင်းလည်းဖြစ်သည်။ သို့သော် ကြီးကြီးမားမားထိခိုက်မှုတော့မရှိခဲ့ဟု ခွန်းဘားနဒ်ဘုတ်က ပြောသည်။
ကယားပြည်နယ်တွင် ဗိုလ်ချုပ်အောင်ဆန်းသည် မြန်မာ့လွတ်လပ်ရေးဖခင်ဖြစ်၍ ကြိုက်နှစ်သက်သူရှိသကဲ့သို့ ကယား(ကရင်နီ) ပြည်နယ်နှင့် ဗိုလ်ချုပ် သည် မသက်ဆိုင်ဟုယူဆကာ မနှစ်သက်သူများလည်း ရှိကြခြင်းလည်းဖြစ်သည်။
“ ကျွန်တော်တို့ပြည်နယ်မှာရှိတဲ့ နိုင်ငံရေးအရ အမျိုးသားရေးအရလှုပ်ရှားဆောင်ရွက်ခဲ့ကြတဲ့သူရဲကောင်းတွေ ကိုတောင်မှ ပုံရိပ်မြင့်တင်နိုင်ခြင်းမရှိသေး တဲ့အခြေအနေမှာ မြင်တယ်ပေါ့။ နောက်တစ်ခုက ကတိကဝတ်တွေ တိုင်းရင်းသားတန်းတူရေးကိစ္စတွေ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ကိစ္စတွေ ဖက်ဒရယ်ကိစ္စတွေ ကိုမလုပ်သေးဘဲနဲ့ကတော့ မကြိုးစားသေးဘဲနဲ့က ဒီဗိုလ်ချုပ်ကြေးရုပ်ကိုလာထောင်တယ်ဆိုတာကတော့ မဖြစ်သင့်သေးဘူး။ ညှိနှိုင်းဖို့လိုသေးတယ်။ အချိန် ကာလတစ်ခုလိုသေးတယ်ဆိုတဲ့အမြင်နဲ့ကန့်ကွက်ရခြင်းဖြစ်တယ်ပေါ့ “ ဟု ဆန္ဒပြဦးဆောင်သူ ခွန်းဘားနဒ်ဘုတ်ကဆိုသည်။
ကြေးရုပ်တုကို လွိုင်ကော်မြို့ရှိ ကန္တာဟေဝန် ပန်းခြံထဲ၌ ဇူလိုင်လ ၁၉ ရက် အာဇာနည်နေ့ အမီ စိုက်ထူသွားရန် ပြင်ဆင် ထားကြောင်း ကယားပြည်နယ် အစိုးရ အဖွဲ့ကပြောဆိုထားသည်။
ဗိုလ်ချုပ်ကြေးရုပ်တု ကရင်နီလူမှုရေး အဖွဲ့ ရ ဖွဲ့က ၂၀၁၈ ခုနှစ်၊ ဇွန် ၁၈ ရက်၌ ကန့်ကွက်ကြောင်း ထုတ်ပြန် ကြေညာထားသည်။
တိုင်းနှင့် ပြည်နယ်များ၌ ဗိုလ်ချုပ် အောင်ဆန်း ပုံတူကြေးရုပ်တုများကို စိုက်ထူခြင်း၊ စိုက်ထူရန် စီစဉ်ခြင်းများ ရှိနေပြီး ကယား ပြည်နယ်၊ ချင်းပြည်နယ်နှင့် မွန် ပြည်နယ်တို့တွင်လည်း ကန့်ကွက်မှုများ ရှိခဲ့ကြောင်း သိရသည်။