ဘူလာဝါယို၊ ဇွန် ၂၄ ။ ။ ဇင်ဘာဘွေ သမ္မတ အမ်မာဆန်မန်ဂါဝါသည် ဇွန် ၂၃ ရက်က ပြုလုပ်သော ရွေးကောက်ပွဲ မဲဆွယ်မှု လူထုစုရုံးပွဲအတွင်း ဖောက်ခွဲမှုတစ်ရပ်ဖြစ်ပွားပြီးနောက် ၎င်း၏ အသက်အန္တရာယ်ကို ယင်းသို့ လုပ်ကြံသော်လည်း ၎င်းမှာ အသက်ရှင် လွတ်မြောက်ခဲ့ကြောင်း ပြောသည်။
သို့သော် အဆိုပါ ပေါက်ကွဲမှုတွင် ၎င်း၏ ဒုတိယသမ္မတ တစ်ဦးနှင့် အခြားပါတီတွင်း အရာရှိများ ထိခိုက်ဒဏ်ရာများ ရခဲ့ကြသည်။
ဇင်ဘာဘွေ၏ ဒုတိယအကြီးဆုံးမြို့ဖြစ်သော ဘူလာဝါယိုတွင် ပြုလုပ်သည့် ရွေးကောက်ပွဲမဲဆွယ်မှုအတွင်း ထိုပေါက်ကွဲမှုကြောင့် အခြားသူ တော်တော်များများလည်း ထိခိုက်ဒဏ်ရာရခဲ့ကြောင်း မျက်မြင်များအရ သိရသော်လည်း အစိုးရက တရားဝင် ထုတ်ပြန်ခြင်း မရှိသေးပေ။
“ကျွန်တော်နဲ့ လက်မအနည်းငယ် အကွာလေးမှာ ပေါက်ကွဲမှု ဖြစ်တာပါ။ ဒါပေမယ့် ကျွန်တော်ကိုတော့ မထိမှန်ခဲ့ဘူး။”ဟု မန်ဂါဝါက ဆိုသည်။
မြို့၏ White City အားကစားကွင်းတွင် ဖြစ်ပွားသော ယင်းပေါက်ကွဲမှုသည် သမ္မတ မန်ဂါဝါက ၎င်းအား ထောက်ခံသူများကို မိန့်ခွန်းပြောပြီး စင်မြင့်မှ ထွက်ခွာစဉ် အနီးနားလေးတင် ပေါက်ကွဲခြင်း ဖြစ်သည်။
သမ္မတ မန်ဂါဝါအနေဖြင့် ဇူလိုင် ၃၀ ရက်တွင် ကျင်းပမည်ဖြစ်သော နိုင်ငံလုံးဆိုင်ရာ ရွေးကောက်ပွဲများအတွက် အတိုက်အခံ အမာနယ်မြေဖြစ်သော ဘူလာဝါယိုသို့ ၎င်း၏ Zanu-PF ပါတီအတွက် လာရောက်မဲဆွယ်နေခြင်းလည်း ဖြစ်သည်။