ဇွန် ၂၁၊ မော်စကို။ ။ ပေါ်တူဂီအသင်းက မော်ရိုကိုအသင်းကို တစ်ဂိုး၊ ဂိုးမရှိနဲ့အနိုင်ရခဲ့တဲ့ ပွဲစဉ်မှာ ဂိုးသွင်းနိုင်ခဲ့တဲ့ စီရော်နယ်ဒိုဟာ ဥရောပရဲ့ နိုင်ငံတကာ သွင်းဂိုးအများဆုံးကစားသမား ဖြစ်လာခဲ့ပါတယ်။
စပိန်နဲ့ သုံးဂိုးစီသရေကျတုန်းကလည်း ဟက်ထရစ်သွင်းယူခဲ့သေးလို့ ပေါ်တူဂီအသင်းအတွက် စီရော်နယ်ဒိုသွင်းယူပေးခဲ့တဲ့ နိုင်ငံတကာသွင်းဂိုးအရေအတွက်က ၈၅ ဂိုးရှိသွားပြီဖြစ်ပါတယ်။
ဥရောပကစားသမားတွေထဲမှာ ဂိုးသွင်းအများဆုံးဖြစ်လာပေမယ့် ကမ္ဘာ့ဂိုးသွင်းအများဆုံး စာရင်းမှာတော့ ဒုတိယနေရာမှာပဲ ရှိနေပါသေးတယ်။
ပထမနေရာမှာတော့ အာရှတိုက်က အလီဒါယီရှိနေပြီး အီရန်အသင်းအတွက် ၁၉၉၃ ကနေ ၂၀၀၆ အတွင်း နိုင်ငံတကာသွင်းဂိုး ၁၀၉ ဂိုးသွင်းပေးထားတာပါ။ တတိယနေရာမှာ ဟန်ဂေရီ ဂန္ထဝင်ကစားသမား ပွတ်ရှ်ကက်စ်က ၈၄ ဂိုးနဲ့ ရပ်တည်နေပါတယ်။
စီရော်နယ်ဒိုဟာ ဒီနှစ်ကမ္ဘာ့ဖလားပြိုင်ပွဲမှာ သွင်းဂိုး လေးဂိုးသွင်းယူထားပြီးဖြစ်ပါတယ်။ လေးမှတ်ရထားတဲ့ ပေါ်တူဂီအသင်း အနေနဲ့ နောက်တစ်ဆင့်တက်ဖို့ အခြေအနေကောင်းနေပြီး အုပ်စုနောက်ဆုံးပွဲစဉ်မှာ အီရန်နဲ့ ကစားရမှာဖြစ်ပါတယ်။
ဗုဒ္ဓဟူးနေ့က ကစားခဲ့တဲ့ ကမ္ဘာ့ဖလားပွဲစဉ်တွေမှာ ပေါ်တူဂီက မော်ရိုကို ကို တစ်ဂိုး၊ ဂိုးမရှိ။ ဥရုဂွေးက ဆော်ဒီကို တစ်ဂိုး၊ ဂိုးမရှိ။ စပိန်က အီရန်ကို တစ်ဂိုး၊ ဂိုးမရှိနဲ့ အနိုင်ရရှိခဲ့ပါတယ်။
Ref; Daily Mail