ဆော်ပေါလို၊ ဇွန် ၁၃ ။ ။ ယနေ့ ဇွန် ၁၃ ရက်သည် ဘရာဇီးနိုင်ငံတွင် ဗယ်လင်တိုင်းဒေးအတိုင်း အတူတူပင်ဖြစ်သော Dia dos Namorados ဟု ခေါ်ဆိုသော ချစ်သူများနေ့ ကျရောက်သည် ဖြစ်ခြင်းကြောင့် နိုင်ငံတဝန်းက တည်းခိုခန်း၊ ဟိုတယ်၊ မိုတယ်များသည် လာရောက်တည်းခိုကြမည့် ချစ်သူစုံတွဲ သန်းပေါင်းများစွာအတွက် မျှော်လင့်လျက် ရှိနေသည်။
“ကျွန်တော်တို့ အမြဲပြောလေ့ ရှိတာ ဒီချစ်သူများနေ့ဟာ မိုတယ်လုပ်ငန်းတွေအတွက်တော့ ခရစ္စမတ်ကာလလိုပဲ ဆိုတာပါ။ တကယ်စည်စည်ကားကား ရှိတယ်လေ။”ဟု ဘရာဇီးမိုတယ်လုပ်ငန်းအဖွဲ့ကြီး၏ အကြီးအကဲဖြစ်ကာ နိုင်ငံ၏ ဒုတိယအကြီးဆုံံး ဆော်ပေါလိုမြို့လယ်က မိုတယ်တစ်လုံးပိုင်ရှင်လည်းဖြစ်သည့် ဖီလီပီမာတင်နက်ဇက်က ပြောသည်။
ယခုနှစ်၏ ချစ်သူများနေ့ သီတင်းပတ်တွင် ဘရာဇီးရှိ မိုတယ် ၅၀၀၀ ကျော်ထက်မနည်းသည် ခါတိုင်းသီတင်းပတ်များထက် ဧည့်ဝင်ရောက်မှု ၂၀ ရာခိုင်နှုန်း ပိုမိုများပြားကာ ဧည့်သည် ရှစ်သန်းအထိ လာရောက်နိုင်ရေးကို မျှော်လင့်နေခြင်း ဖြစ်သည်။
ခဏပန်းလိင်ကိစ္စနှင့် ပြင်ပချစ်မှုရေးရာသွေးသားကိစ္စများအတွက် အသုံးပြုစရာအဖြစ် အစဉ်အလာဖြစ်နေခဲ့သော မိုတယ်လုပ်ငန်းသည် ယနေ့ခေတ်တွင် အပြောင်းအလဲ တစ်ချို့ ရှိလာခဲ့ပြီဖြစ်သည်။
ပုံမှန်ဧည့်သည်များ၏ ၁၀ ရာခိုင်နှုန်းသာ ခဏပန်းလိင်ကိစ္စ၊ ကြိတ်ပုန်းခုတ်ခြင်းများအတွက် မိုတယ်များသို့ လာရောက်ပြီး ရ၅ ရာခိုင်နှုန်းမှာ အတည်တွဲသည့် စုံတွဲများဖြစ်နေကာ ၁၅ ရာခိုင်နှုန်းက အပျော်တွဲ ချစ်သူများ ဖြစ်ကြကြောင်း ဘရာဇီးမိုတယ်လုပ်ငန်းအဖွဲ့ကြီး၏ သုတေသနပြုချက်အရ သိရသည်။