စက်တင်ဘာ ၁၊ မန်ချက်စတာ ။ ။ ဘွန်ဒက်စ်လီဂါကလပ် ဒေါ့တ်မွန်အသင်းသည် မန်ယူအသင်းမှ ကွင်းလယ်နှင့်တောင်ပံကစားသမား ယာနူဇေးကို တစ်ရာသီအငှား စာချုပ်ဖြင့်ခေါ်ယူလိုက် ပြီဖြစ် သည်။
ဒေါ့တ်မွန်အသင်းသည် ယာနူဇေးကို ခေါ်ယူနိုင်ရန် စပိန်ကလပ် ဗလင်စီယာအသင်းနှင့်အပြိုင် ကြိုးပမ်းခဲ့ရခြင်း ဖြစ်သည်။ ဒေါ့တ်မွန်အသင်းသို့ ပြောင်းရွှေ့ခဲ့ပြီးနောက်တွင် ယာနူဇေးက ၎င်း၏တွစ်တာ စာမျက်နှာ တွင်ဒေါ့တ်မွန်သို့ ပြောင်းရွှေ့နိုင်ခဲ့သည့်အတွက် ဝမ်းမြောက်ကျေနပ်မိကြောင်းနှင့် ရာသီသစ်တွင် အကောင်းဆုံးဖြစ်အောင် ကြိုးပမ်းသွား မည်ဖြစ်ကြောင်းရေးသားထားသည်။
ယာနူဇေးသည် ဒေါ့တ်မွန်တွင် ကျောနံပါတ် ၉ ဂျာစီကို ဝတ်ဆင်ကစားမည်ဖြစ်သည်။ 'ဒေါ့တ်မွန်အသင်းက အသင်းကောင်းတစ်သင်းပါ။ ဒေါ့တ်မွန်ပရိသတ်တွေရဲ့ အားပေးပုံက တကယ်ကို မယုံကြည်နိုင် စရာပါပဲ။ ဒီအသင်းနဲ့အတူ အောင်မြင်မှုတွေ ရရှိလိုပါတယ်' ဟု ဒေါ့တ်မွန်အသင်းဝက်ဘ်ဆိုက်မှတစ်ဆင့် ယာနူဇေးက ပြောသည်။
အသက် ၂၀ အရွယ်ရှိ ယာနူဇေးသည် မန်ယူအသင်းအတွက် ၆၂ ပွဲ ပါဝင်ကစားထားပြီး ငါးဂိုးသွင်းယူထားသည်။ ဘယ်လ်ဂျီယံလက်ရွေးစင်အသင်းအတွက် ငါးပွဲ ပါဝင်ကစားခဲ့ပြီး ဖြစ်သည်။