ဒလတံတားတည်ဆောက်ရေးနှင့်ပတ်သက်ပြီး လက်ရှိအစိုးရ နာမည်ပျက်မှာစိုး၍ အကြံပြုချက်ပေးပို့ထားဟု ဆို

ဒလတံတားတည်ဆောက်ရေးနှင့်ပတ်သက်ပြီး လက်ရှိအစိုးရ နာမည်ပျက်မှာစိုး၍ အကြံပြုချက်ပေးပို့ထားဟု ဆို
မြန်မာ့ဆိပ်ကမ်းအာဏာပိုင်၊ ဦးဆောင်ညွှန်ကြားရေးမှူး ဦးနီအောင်။ ဓာတ်ပုံ-ဒေါင်းလူ

ဇွန် ၁၂ ။           ။ ဒလတံတားတည်ဆောက်ရေး ကြန့်ကြာနေခြင်းမှာ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနမှ ကန့်ကွက်မှုကြောင့်မဟုတ်ဘဲ တံတားအန္တရာယ်ရှိပါက လက်ရှိအစိုးရအား နာမည်ပျက်မည်စိုး၍ အကြံပြုချက်များ ပေးပို့ခဲ့ခြင်းသာ ဖြစ်သည်ဟု ပို့/ဆက်သိမှ ရသည်။

ဇွန်လ ၁၁ ရက်က ကိုရီးယား - မြန်မာချစ်ကြည်ရေး ရန်ကုန်- ဒလတံ မြစ်ကူးတံတားတည်ဆောက်ရေးနှင့် ပတ်သက်၍ ရန်ကုန်မြို့၊ မြန်မာ့ဆိပ်ကမ်းအာဏာပိုင်ရုံးတွင် ပြုလုပ်ခဲ့သည့် သတင်းစာရှင်းလင်းပွဲတွင် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ မြန်မာ့ဆိပ်ကမ်းအာဏာပိုင်၊ ဦးဆောင်ညွှန်ကြားရေးမှူး ဦးနီအောင်က ပြောဆိုခဲ့ခြင်းဖြစ်သည်။

" ကျွန်တော်တို့က အကြံပြုတယ်၊ အန္တရာယ်မဖြစ်ဖို့၊ ဘာကြောင့်လဲဆိုတော့ ဒီတံတားသည် ၅ နှစ်မှာ မတိုက်ဘူး၊ ၁၀ နှစ်မှာ မတိုက်ဘူး၊ ၁၅ နှစ်မှာတိုက်ပြီး တစ်ခုခုဖြစ်သွားရင် နာမည်ပျက်မှာက ဘယ်အစိုးရလဲ၊ လက်ရှိဆောက်ခဲ့တဲ့အစိုးရ နာမည်ပျက်မှာ၊အဲဒါကြောင့် ကျွန်တော်တို့က ဒီလိုအခြေ အနေမျိုးမဖြစ်အောင်၊ အန္တရာယ်မဖြစ်အောင် အကြံပြုချက်တွေ ပေးမှာပါ၊ ဆောက်ခြင်း၊ မဆောက် ခြင်းက ဆောက်လုပ်ရေးရဲ့အစီအမံဖြစ်ပါတယ်" ဟု  မြန်မာ့ဆိပ်ကမ်းအာဏာပိုင်၊ ဦးဆောင်ညွှန်ကြား ရေးမှူး ဦးနီအောင်က ပြောသည်။

အဆိုပါတံတားသည် ၂၀၁၃ ခုနှစ်ကတည်းက တည်ဆောက်ရန် အဆိုပြုထားသည့်တံတားဖြစ်ပြီး ယခုဆိုလျှင် ၆ နှစ်တိုင်သည်အထိ အကောင်အထည်ဖော်နိုင်ခြင်းမရှိသေးဘဲ တည်ဆောက်မည့် တံတားတိုင် ၂ တိုင် အကွာအဝေးအပေါ် ညှိနှိုင်းနေ၍ ကြန့်ကြာနေခြင်းဖြစ်သည်။

ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနမှ တံတားတိုင် ၂ တိုင် အကွာအဝေးကို သင်္ဘောများ ၀င်ထွက်သွားလာမှု အဆင်ပြေရန်ဟုဆိုကာ ၄၀၀ မီတာအထိ ထားရှိပေးရန်အကြံပြုခဲ့ပြီး ဆောက်လုပ်ရေးဝန်ကြီးဌာနမှ ၃၇၀ မီတာထားရှိရန် သဘောတူထားသည်။

ဒလတံတားစီမံကိန်းနှင့်ပတ်သက်၍ တံတား၏ အမြင့်၊တံတားတည်ဆောက်လိုက်ခြင်းအားဖြင့် သောင် ထွန်းသွားမည့်ကိစ္စ၊တံတားထိုးမည့်အစား ဥမှင်လိုဏ်ခေါင်း တည်ဆောက်ရန်နှင့် တံတားတိုင် ၂တိုင် အကွာအဝေးကိစ္စများကို ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနက ဆောက်လုပ်ရေးဝန်ကြီးဌာန သို့ ၂၀၁၂ ခုနှစ်ကတည်းက အကြံပြုခဲ့ကြောင်း သိရသည်။

" ကျွန်တော်တို့ရဲ့အကြံပြုချက်တွေကြောင့် နှောင့်နှေးခြင်းလည်းမရှိပါဘူး၊ သူ့လုပ်ငန်းစဉ်အတိုင်း သူ သွားနေတာပါ၊ ဒီအစိုးရလက်ထက်ကျမှ အခုလက်ထက်မှ ကျွန်တော်တိ်ု့ကန့်ကွက်တာ မဟုတ်ပါဘူး၊ ၂၀၁၂ ကတည်းက ကျွန်တော်တို့ အကြံပြုခဲ့တာတွေ ရှိပါတယ်၊ ကျွန်တော်တို့က တစ်သမတ်တည်း သဘောရှိပါတယ်" ဟု  မြန်မာ့ဆိပ်ကမ်းအာဏာပိုင်၊ ဦးဆောင်ညွှန်ကြားရေးမှူး ဦးနီအောင်က ပြောသည်။

အဆိုပါ တံတားစီမံကိန်းအတွက် စီမံကိန်းမလွှတ်သည့်နေရာများကို ဖယ်ရှားပြီး နစ်နာကြေး၊ လျော် ကြေးအဖြစ် ၃ ဒသမရ ဘီလျံကျော် နိုင်ငံတော်မှ အကုန်ကျခံထားသည်။ ဒလတံတား အမြန်ဆုံး အကောင် ထည်ဖော်ရေး ပြည်သူများဆန္ဒဖော်ထုတ်ပွဲ(အကြို)ညှိနှိုင်းအစည်းအဝေးကိုလည်း ဇွန်လ ၃ ရက်က ပြုလုပ်ခဲ့ပြီး ဒလမြို့နယ်ဒေသခံများစုပေါင်းဆန္ဒဖော်ထုတ်သွားမည် ဖြစ်ကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly