နာမည်ကြီးလူငယ်အဆိုတော် ရှောန်မန်ဒက်စ်၏ အသစ်ထွက်ရှိထားသော သီချင်းအယ်လ်ဘမ် Shawn Mendes သည် Billboard ၏ ရောင်းအားအကောင်းဆုံး အယ်ဘမ် ၂၀၀ ဇယား၌ နံပါတ်တစ်နေရာမှ ဦးဆောင်နိုင်ခဲ့သည်။
ပြီးခဲ့သော မေလ ၂၅ ရက်နေ့က Island Records တေးသံသွင်းမှစတင်ဖြန့်ချီခဲ့သည့် ယင်းအယ်လ်ဘမ်အသစ် သည် ရှောန်မန်ဒက်စ်အတွက် ရောင်းအားအကောင်းဆုံး တတိယမြောက် သီချင်း အယ်လ်ဘမ်တစ်ချပ်ဖြစ်လာ ခဲ့ပြီး မေလ ၃၁ ရက်နေ့အထိ အချပ်ရေ ၁၈၂၀၀၀ ခန့် ရောင်းချနိုင်ခဲ့သည်။
Billboard အကောင်းဆုံး အယ်လ်ဘမ် ၂၀၀ ဇယားအား ရေတွက်ပုံမှာ အယ်လ်ဘမ်အချပ်လိုက် ရောင်းချရမှု များ၊ သီချင်းရောင်းချရမှုအကြိမ်ရေ ( သီချင်းဆယ်ပုဒ်မှာ အယ်လ်ဘမ်တစ်ချပ်နှင့်ညီမျှ) ၊ အင်တာနက်မှ သီချင်းနားဆင်မှု အကြိမ်ရေ ( နားဆင်မှုအကြိမ် ၁၅၀၀ မှာ အယ်လ်ဘမ်တစ်ချပ်နှင့်ညီမျှ) တို့အား တွက်ချက်၍ အဆင့်သတ်မှတ်ခြင်း ဖြစ်သည်။
Billboard ၏ တရားဝင်ဝက်ဘ်ဆိုက်တွင် ရောင်းအားအကောင်းဆုံး အယ်လ်ဘမ် ၂၀၀ စာရင်းကို ဇွန်လ ၅ ရက် နေ့တွင် ဖော်ပြထားမည်ဟု သိရသည်။
ရှောန်မန်ဒက်စ်သည် အသက် ၁၉ နှစ်အရွယ်သာရှိသေးသော်လည်း သူ၏သီချင်းအယ်လ်ဘမ်များမှာ ကမ္ဘာတစ်ဝန်း နာမည်ကျော်ကြားသလို လွန်ခဲ့သော ၂၀၁၅ ခုနှစ်နှင့် ၂၀၁၆ ခုနှစ်တို့ကထွက်ရှိခဲ့သည့် Handwritten နှင့် Illuminate အယ်လ်ဘမ်တို့မှာလည်း Billboard ၏ ရောင်းအားအကောင်းဆုံး အယ်လ်ဘမ် ၂၀၀ ဇယား၌ နံပါတ်တစ်နေရာကို အသီးသီးသိမ်းပိုက်နိုင်ခဲ့သည်။