မကြာသေးခင်ကကျင်းပခဲ့သော Billboard ဂီတဆုပေးပွဲသို့ တက်ရောက်ခဲ့သည့် တောင်ကိုရီးယားမှ နာမည်ကြီး ပေါ့ပ်ဂီတအဖွဲ့ BTS က ၄င်းတို့၏ ရည်မှန်းချက်ပန်းတိုင်နှင့်ပက်သက်၍ ပရိသတ်များကို မျှဝေခဲ့သည်။
မေလ ၂၄ ရက်နေ့တွင် BTS သည် ၄င်းတို့၏ နောက်ဆုံးထွက်အယ်လ်ဘမ် Love Yourself: Tear နှင့် ပက်သက်၍ သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့သည်။
သတင်းစာရှင်းလင်းပွဲ၌ အဖွဲ့၏နောက်ထပ်ရည်မှန်းချက်နှင့်ပက်သက်၍ မေးမြန်းခဲ့စဉ်တွင် BTS အဖွဲ့ခေါင်းဆောင် RM က ၄င်းတို့၏အယ်လ်ဘမ်အသစ်ဖြင့် Billboard ၏ အကောင်းဆုံးအယ်လ်ဘမ် ၂၀၀ ဇယား၌ ထိပ်ဆုံးနေရာကို ရယူလိုကြောင်း ဖွင့်ဟခဲ့သည်။
“အရိုးသားဆုံးပြောရမယ်ဆိုရင်တော့ ဒီတစ်ကြိမ်မှာ Billboard ရဲ့ အကောင်းဆုံးအယ်လ်ဘမ် ၂၀၀ ဇယားမှာ နံပါတ်တစ်နေရာကို ရယူချင်ပါတယ်” ဟု RM က ပြောခဲ့သည်။
ဆက်လက်ပြီး သူက “ကျနော်တို့ဟာ ပြီးခဲ့တဲ့တစ်ခေါက်တုန်းက Billboard ရဲ့ ပေါက်သီချင်း ၁၀၀ စာရင်းမှာ နံပါတ် ၂၈ နေရာကို ရရှိခဲ့ပါတယ်။ ဒါကြောင့် ဒီတစ်ကြိမ်မှာတော့ ထိပ်ဆုံး ၁၀ နေရာထဲကို ရောက်ရှိချင်တယ် လို့ အဖွဲ့သားအချင်းချင်းပြောဆိုခဲ့ပါတယ်။ ထိပ်ဆုံး ၁၀ နေရာထဲက သီချင်းတွေဟာ ကမ္ဘာတစ်ဝန်းနာမည် ကျော်ကြားပြီး အပြိုင်အဆိုင်လည်းများပါတယ်။ တစ်နေနေ့မှာတော့ ပေါက်သီချင်း ၁၀၀ ဇယားရဲ့ နံပါတ် ၁ နေရာကို ရမယ်လို့ ကျနော်တို့ မျှော်လင့်ထားပါတယ်” ဟုလည်း အဖွဲ့၏ရည်မှန်းချက်နှင့်ပက်သက်၍ ဖွင့်ဟ ပြောဆိုခဲ့သည်။
BTS သည် လော့စ်အိန်ဂျယ်လိစ်၌ ကျင်းပခဲ့သော ၂၀၁၈ Billboard ဂီတဆုပေးပွဲကို မကြာခင်က တက်ရောက် ခဲ့ပြီး ယင်းဆုပေးပွဲ၌ ဒုတိယအကြိမ်မြောက် Top Social Artist Award ဆုကို ဆွတ်ခူးခဲ့သည်။