ထွက်ရှိခဲ့သမျှဇာတ်ကားတိုင်း အမြတ်ငွေအများအပြားရရှိခဲ့သည့် Marvel စတူဒီယိုက ယခုအခါတွင် ၄င်းတို့၏ ရုပ်ရှင်အသစ်အဖြစ် ပထမဦးဆုံးမွတ်စလင်စူပါဟီးရိုးဖြစ်သည့် Ms Marvel ဇာတ်ကောင်အကြောင်းကို ရိုက်ကူး ဖို့ စီစဉ်နေကြောင်း ကြေညာခဲ့သည်။
ယင်းရုပ်ရှင်သည် Marvel စတူဒီယိုမှထုတ်လုပ်သော အမျိုးသမီးဇာတ်ကောင်ဦးဆောင်ထားသည့် ပထမဦးဆုံး ရုပ်ရှင်မဟုတ်သော်လည်း ပထမဦးဆုံး မွတ်စလင်စူပါဟီးရိုးဖြစ်သည်ဟု သိရသည်။ Marvel မှ ထုတ်လုပ်သော အမျိုးသမီးဇာတ်ကောင်ဦးဆောင်ထားသည့် ပထမဦးဆုံးရုပ်ရှင်မှာ လာမည့် ၂၀၁၉ ခုနှစ်တွင် ထွက်ရှိမည့် မင်းသမီးဘရီးလာဆန် ပါ၀င်သရုပ်ဆောင်ထားသော Captain Marvel ရုပ်ရှင်ဖြစ်သည်။
လက်ရှိအချိန်တွင် ရုံဝင်ငွေအများအပြားရရှိပြီး စံချိန်များချိုးဖျက်နေသည့် Avengers: Infinity War ၏ ထုတ်လုပ်သူ ကီဗင်ဖီဂီက “ Ms. Marvel ရုပ်ပြဇာတ်လမ်းကို ရုပ်ရှင်အဖြစ်အသက်သွင်းဖို့ ကြိုးစားနေပါတယ်” ဟု ဘီဘီစီသို့ ပြောဆိုခဲ့သည်။
Ms. Marvel သည် ရုပ်ပြစာအုပ်များထဲမှ နောက်ထပ်ဇာတ်ကောင်တစ်ခုဖြစ်ပြီး Captain Marvel ကို အတုယူ အားကျသည့် မွတ်စလင်စူပါဟီးရိုးဖြစ်သည်ဟု သူက ရှင်းလင်းပြောဆိုခဲ့သည်။
“Captain Marvel ကို ကျနော်တို့မိတ်ဆက်ပြီးတာနဲ့ Ms. Marvel အတွက် စတင်အလုပ်လုပ်သွားဖို့ ကျနော်တို့ စီစဉ်ထားပါတယ်” ဟုလည်း သူက ဖြည့်စွက်ပြောဆိုခဲ့သည်။
ရုပ်ပြဇာတ်လမ်းများထဲတွင် Ms. Marvel သည် နယူးဂျာစီ၌နေထိုင်သော ကမ်မလာခန်းဟုအမည်ရသည့် ပါကစ္စတန်အမေရိကန်ဖွား ဆယ်ကျော်သက်မလေးတစ်ဦးဖြစ်ကြောင်း သိရသည်။
ယင်းရုပ်ပြဇာတ်ကောင်ကို ရုပ်ရှင်အဖြစ်အသက်သွင်းရာတွင် ခေါင်းဆောင်မင်းသမီးအဖြစ် အိန္ဒိယစူပါမင်းသမီး ပရီယန်ကာချိုပရာကို ရွေးချယ်ဖို့ ပရိသတ်အများပြားကတောင်းဆိုခဲ့ကြသော်လည်း အချို့ပရိသတ်များကမူ အိန္ဒိယမင်းသမီးထက် ပါကစ္စတန်အမေရိကန်ဖွား မင်းသမီးစစ်စစ်တစ်ဦးကိုသာ ရွေးချယ်သင့်သည်ဟု အကြံပြုခဲ့ကြသည်။
Ref: BBC