မေ ၆ ။ ။ မေလ ၆ ရက်နေ့ တနင်္ဂနွေနေ့တွင် မိုးတိမ်တောင် ဖြစ်ပေါ်နိုင်မှုခန့်မှန်းချက်အရ မိုးကြိုးပစ်ခံရမှုအန္တရာယ်ကို သတိပြုကြရန် မိုးလေဝသပညာရှင် ဦးထွန်းလွင်က တိုက်တွန်းထားသည်။
မေလ ၅ ရက်နေ့ ည ၁၀ နာရီ မိုးတိမ်တောင်ဖြစ်ပေါ်နိုင်မှုအခြေအနေတိုင်းတာချက်များအရ ယင်းသို့ တိုက်တွန်းထားခြင်း ဖြစ်သည်။
"ရခိုင်ပြည်နယ်၊ မကွေးတိုင်း၊ ဧရာဝတီတိုင်းမြောက်ပိုင်း၊ ပဲခူးတိုင်း၊ ရန်ကုန်တိုင်းမြောက်ပိုင်း၊ ကယားပြည်နယ်၊ တို့တွင် တိမ်အသင့်အတင့်ဖြစ်ထွန်းနိုင်ပြီး၊ ကျန်ဒေသများတွင် မွန်းလွဲညနေပိုင်း အချိန်များမှာ မိုးတိမ်တောင်များ ဖြစ်ပေါ်နိုင်ပါတယ်" ဟု ဦးထွန်းလွင်က လူမှုကွန်ယက်မှတဆင့် ပြောထားသည်။
မိုးတိမ်တောင်များကြောင့် လျှပ်စီးလက်ခြင်း၊ မိုးခြိမ်းခြင်း၊ လေပြင်းတိုက်ခြင်း၊မိုးသည်းထန်ခြင်း၊ မိုးကြိုးပစ်ခြင်း၊ မိုးသီးကြွေကျခြင်းတို့ကို ဖြစ်ပေါ်စေတတ်သည်။