ရန်ကုန်၊ ဧပြီ ၂၃ ။ ။ ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြို့နယ်တွင်ရှိသည့် ထိန်ပင်အမှိုက်ပုံတွင် လောင်ကျွမ်းနေသည့်မီးသည် ၃ ရက်ကျော်ကြာသည်အထိ မငြိမ်းနိုင်သေးဘဲ မီးခိုးများလည်း ဆက်ထွက်နေဆဲဖြစ်ကြောင်း လှိုင်သာယာမြို့နယ် တိုင်းဒေသကြီးမဲဆန္ဒနယ်အမှတ် (၂) မှ လွှတ်တော်ကိုယ်စားလှယ် ဦးမြတ်မင်းသူက ပြောသည်။
“ တောက်လျှောက်ကြီးအကုန်လုံးလောင်တယ်ဆိုတော့လေ။ မီးခိုးတွေကတော့အကုန်လုံးထွက်နေတယ်” ဟု လွှတ်တော်ကိုယ်စားလှယ် ဦးမြတ်မင်းသူကဆိုသည်။
ထိန်ပင်အမှိုက်ပုံသည် လူနေရပ်ကွက်နှင့် သီးခြားတည်ရှိသည့်အတွက် အဆိုပါမီးလောင်ကျွမ်းမှုသည် ပတ်ဝန်းကျင်ကို အန္တရာယ်ဖြစ်စေမှာမဟုတ်ကြောင်းလည်း ၎င်းကဆိုခဲ့ပြီး ထွက်ရှိလာတဲ့မီးခိုးငွေ့များကြောင့် အနီးဝန်းကျင်ရှိပြည်သူများ လွန်စွာစိုးရိမ်ရကြောင်း ပြောသည်။
ထွက်ရှိလာသည့်မီးခိုးများကြောင့် လှိုင်သာယာပတ်ဝန်းကျင်ရှိ မြို့နယ်ရပ်ကွက်အချို့ကို ပျံ့နှံ့လာသောကြောင့် လေထုညစ်ညမ်းကာ အသက်ရှုမဝမှုများ ပြည်သူများအနေဖြင့် ခံစားနေရကြောင်း သိရသည်။
၄င်းအမှိုက်ပုံမီးလောင်ကျွမ်းမှုမှာ ဧပြီလ ၂၁ရက်မှ စတင်လောင်ကျွမ်းခြင်းဖြစ်ပြီး ဧပြီလ၂၃ရက် နေ့လည်ပိုင်း အထိ မီးလောင်ကျွမ်းလျက်ရှိကြောင်း မီးသတ်ဦးစီးဌာနမှ သတင်းရရှိသည်။
“လက်ရှိအချိန်မှာတော့ မီးကဆက်လောင်နေတယ်။ ငြိမ်းသတ်နေဆဲဖြစ်တယ်” ဟု မီးသတ်ဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးကပြောသည်။
လက်ရှိတွင် ထိန်ပင်အမှိုက်ပုံမီးလောင်ကျွမ်းနေမှုကို ထိန်းချုပ်နိုင်ရန် မီးသတ်ကား ၁၂ စီး ရေသည်ယာဉ် ၄ စီး ဖြင့်ဆောင်ရွက်နေကြောင်း သိရသည်။