မြိတ်၊ မတ်လ ၂၇ ။ ။ မှုခင်းကျဆင်းရေးနှင့် မြိတ်ဒေသ လုံခြုံရေးအတွက် မြို့ပေါ်ရှိ အရေးကြီး ၁၈ နေရာတွင် အချိန်နှင့် တပြေးညီ စောင့်ကြည့်နိုင်မည့် လုံခြံရေး CCTV ကင်မရာများကို တပ်ဆင်သွားတော့မည် ဖြစ်ကြောင်း မြိတ်ခရိုင် ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရှိရသည်။
“ ဘယ်ချိန်မှ စတပ်မလဲဆိုတော့ အခုကတည်းက စနေပါပြီး၊ ဘာဖြစ်လို့ လည်းဆိုတော့ လုံခြုံရေး CCTV ကင်မရာများကို ရတနာမိုးပြည့်ထွန်းကုမ္ပဏီက လှူဒါန်း တပ်ဆင်ပေးတာ ဖြစ်တဲ့အတွက်ကြောင့် အခု ကျွန်တော်တို့ အဆိုပြုထားတဲ့ အရေးကြီးတဲ့ ၁၈ နေရာမှာ ဘယ်နှစ်လုံး တပ်ဖြစ်မယ် ဆိုတာ မရှိသေးပါဘူး၊ ကေဘယ်ဆက်ကြောင်းနဲ့ သွားမယ်ဆိုတော့ လောလောဆယ်တော့ အလုံးရေ တိတိကျကျ မပြော နိုင်သေးပါဘူး’’ ဟု မြိတ်ခရိုင်ရဲတပ်ဖွဲ့မှူးရုံးမှ ဒုရဲမှူးကြီး တင်ထွန်းက ပြောကြားသည်။
တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့နယ်တွင် လုံခြုံရေးအရ ယခင် ဂေါက်ကွင်း လမ်းဆုံ၊ ကရာနီလမ်းဆုံ၊ ဗိုလ်ချုပ် ကြေးရုပ်ထုနှင့် ဆိပ်ငယ်ဈေးကြီးတို့မှာ တပ်ဆင်ထားသည့် CCTV ကင်မရာ များရှိနေသော်လည်း လက်ရှိတွင် အသုံးပြု၍ မရသောကြောင့် လုံခြုံမှု အားနည်းနေပြီး အသစ် ပြန်လည် တပ်ဆင်ရန် စီစဉ်နေခြင်း ဖြစ်သည်။
လက်ရှိမှာ မြိတ်မြို့၏ မှုခင်းကျဆင်းရေးနှင့် ဒေသလုံခြုံရေးအတွက် CCTV ကင်မရာများကို စတင် အကောင်အထည်ဖော် တပ်ဆင်သွားမည် ဖြစ်ပြီး၊ စောင့်ကြည့် CCTV ကင်မရာ ပင်မထိန်းချုပ်မှုနေရာကို မြိတ်ခရိုင် ဒုရဲတပ်ဖွဲ့မှူးရုံးတွင် ထားမည် ဖြစ်ကြောင်း သိရ သည်။