ရန်ကုန်၊မတ်လ ၂၅ ။ ။ အဆိုတော် စိုင်းစိုင်းခမ်းလှိုင်က SAI SAI BIRTHDAY SHOW ကျင်းပဖို့ အစီစဉ်ရှိပြီး နောက်ဆုံးသီချင်းခွေထွက်ပြီး ၅ နှစ်အကြာမှာ SAI SAI is SAI SAI ဆိုတဲ့ တေးစီးရီးသစ် ထွက်ရှိတော့မှာ ဖြစ်တယ်လို့ ပြောပါတယ်။
ဒီကနေ့ မတ်လ ၂၅ ရက်နေ့၊ နေ့လည်ပိုင်းက ရန်ကုန်မြို့၊ PYAY Garden Hotel မှာ ပြုလုပ်ခဲ့တဲ့ပွဲမှာ ပြောခဲ့တာပါ။
“ကျွန်တော့်ရဲ့ " စိုင်းစိုင်းက စိုင်းစိုင်း" လို့ နာမည်ပေးထားတဲ့ အခွေအသစ်ထွက်မှာ ဖြစ်ပါတယ်။ ကျွန်တော်ပြီးခဲ့တဲ့ " ဒိတ်ဒိတ်ကြဲ" ကနေ ဒီ "စိုင်းစိုင်းက စိုင်းစိုင်း " ကြားထဲမှာ ငါးနှစ်တိတိ ကွာသွားပါတယ်။ ငါးနှစ်လုံးလုံး ကျွန်တော့်ကို ကျွန်တော် ဘာလုပ်နေမှန်းတောင် မသိပါဘူး။ ဒါပေမယ့် အခုချိန်မှာတော့ ဧပြီလ ၁ ရက်နေ့မှာတော့ ကျွန်တော့် ပရိသတ်တွေ အတွက် "စိုင်းစိုင်းက စိုင်းစိုင်း "ထွက်ရှိလာတော့မှာ ဖြစ်ပါတယ်” လို့ သူက ပြောပါတယ်။
တေးသီချင်းသစ် ၁၂ ပုဒ် ပါဝင်တဲ့ SAI SAI is SAI SAI တေးစီးရီးသစ်ကို လာမယ့် ဧပြီလ ၁ ရက်နေ့မှာ ထွက်ရှိမှာ ဖြစ်ပါတယ်။
ဒါ့အပြင် SAI SAI is SAI SAI BIRTHDAY SHOW ကိုတော့ ဧပြီ လ ၁၀ ရက်နေ့မှာ ရန်ကုန်မြို့၊ သုဝဏ္ဏဘူမိကွင်းမှာ ကျင်းပဖို့ စီစဉ်နေတယ်လို့လည်း သိရပါတယ်။
ဒီပွဲမကျင်းပခင် မတ်လ ၃၀ ရက်နေ့မှာလည်း မန္တလေးမြို့မှာ သူငယ်ချင်းတွေစုပြီး တေးဂီတဖျော်ဖြေပွဲတစ်ရပ် ပြုလုပ်သွား မယ် လို့လည်း သိရပါတယ်။
ချောကလက်ရောင်ရေခဲအိပ်မက်၊ သူငယ်ချင်းများစွာ၊ နွေရာသီလမ်းခွဲ၊ စိုင်းစိုင်းဟုခေါ်သည်၊ တောဂေါ်လီ၊ ဒိတ်ဒိတ်ကြဲ အပါအဝင် အခု တေးစီးရီးအသစ်ကို နားဆင်ကြရတော့မှာပါ ။