ရန်ကုန်၊ မတ်လ ၂၄ ။ ။ ဒိုင်းနက်လူမျိုး ၁၃ ဦး ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၊ မီးတိုက်ကျေးရွာသို့ ပြန်လည် ဝင်ရောက်လာကြောင်း ပြည်ထဲရေးဝန်ကြီးဌာနမှ ယနေ့ မတ်လ ၂၄ ရက်တွင် သတင်းထုတ်ပြန်သည်။
မတ်လ ၂၃ ရက်၊ မွန်းလွဲ ၃ နာရီခွဲအချိန်ခန့်က ရဲတပ်ဖွဲ့၊ လဝက၊ မြို့နယ်အုပ်ချုပ်ရေး ပူးပေါင်းအဖွဲ့မှ တောင်ပြို (ယာ) နယ်မြေရုံးသို့ မီးတိုက်ကျေးရွာသို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ ရောက်ရှိနေသည့် ဒိုင်းနက်လူမျိုး ၁၃ ဦး( ကျား ၆ ဦး၊ မ ၇ ဦး) ကို ခေါ်ယူစစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့ ပူးပေါင်းအဖွဲ့မှ ခေါ်ယူစစ်ဆေးခဲ့ရာ ပြန်လည်ဝင်ရောက်လာသည့် ဒိုင်းနက်လူမျိုးများမှာ ဘင်္ဂလားဒေ့ရှ် နိုင်ငံ၊ ဘန်ဒရာဘန်ခရိုင်၊ အလီခေါ် တောင်မြို့နယ်၊ ရွမ်ဘို(ဒိုင်းနက်)ရွာတွင် ဘိုးဘွားလက်ထက် ကတည်းက နေထိုင်ခဲ့ကြောင်း သိရသည်။
ထိုသို့နေထိုင်ခဲ့ရာ ဒေသခံ လူမျိုးများက ခြိမ်းခြောက်ခြင်းနှင့် စားဝတ်နေရေး ကြပ်တည်းလာသဖြင့် မီးတိုက် ကျေးရွာမှ ဆွေမျိုးများနှင့် ဆက်သွယ်ကာ မိမိတို့ ဆန္ဒအလျောက် မြန်မာနိုင်ငံတွင် နေထိုင်ရန် ရည်ရွယ်ချက်ဖြင့် ပြန်လည်ဝင်ရောက်လာခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင်ပါရှိသည်။
အဆိုပါ ဒိုင်းနက်လူမျိုး ၁၃ ဦးမှာ နယ်စပ်မှတ်တိုင် ၃၇ နှင့် ၃၈ ကြား၊ နယ်စပ်ခြံစည်းရို ကွန်ကရစ်ဖောင်ဒေးရှင်း အောက်ခြေမြေထုအား မြောင်းတူးဖော်၍ ကွန်ကရစ်အား ချိုးဖဲ့ကာ လူတစ်ကိုယ်စာ အပေါက်ငယ် ပြုလုပ် ဝင်ရောက်လာခြင်းဖြစ်ပြီး လက်ရှိတွင် မီးတိုက်ကျေးရွာနေ ဦးရင်မောင်ဆိုသူ၏ နေအိမ်တွင် နေထိုင်လျက်ရှိ ကြောင်း သိရသည်။