မတ် ၁၄ ။ ။ ကွယ်လွန်သွားပြီဖြစ်သည့် ရုရှအဓိကအတိုက်အခံ ဘောရစ် ဘီရီဇော့ဗ်စကိုင်း၏ လက်တွဲဘက်ဖြစ်ခဲ့ဖူးသည့် ရုရှ ပြည်ပြေးတစ်ဦးအား ယခုအခါ လန်ဒန်မြို့တွင် သေဆုံးလျက်သား တွေ့ရှိခဲ့ရကြောင်း ဗြိတိန်နှင့် ရုရှ မီဒီယာများတွင် ဖော်ပြနေကြသည်။ ၎င်းသေဆုံးရခြင်း၏ အကြောင်းအရင်းနှင့်ပတ်သက်၍ ရှင်းရှင်းလင်းလင်း မသိရသေးဟု ဆိုသည်။
ပြီးခဲ့သည့် ရက်ပိုင်းက ရုရှစပိုင်ဟောင်းတစ်ဦး ယင်းနိုင်ငံတွင် ဓာတုအဆိပ်ခတ် တိုက်ခိုက်ခံထားရသည့်ဖြစ်စဉ် ဖြစ်ပြီးနောက် စိုးရိမ်ပူပန်မှုများ မြင့်တက်နေစဉ်မှာပင် ယခုကဲ့သို့ နောက်ထပ် ရုရှ ပြည်ပြေးတစ်ဦးဖြစ်သည့် နီကိုလိုင် ဂလူရှကော့ဗ်၏ သေဆုံးမှုဖြစ်စဉ် ပေါ်ပေါက်လာခြင်း ဖြစ်သည်။
ယခုကဲ့သို့ ရုရှ နှင့်ပတ်သက်နေသူများ သံသယဖြစ်ဖွယ် သေဆုံးထိခိုက်နေမှု ဖြစ်စဉ်များနှင့်ပတ်သက်၍ စုံစမ်းဖော်ထုတ်မည်ဖြစ်ကြောင်း ဗြိတိန်အစိုးရက ပြောသည်။
ယခု သေဆုံးသွားသည့် ဂလူရှကော့ဗ်သည် ဘီရီဇော့ဗ်စကိုင်းပိုင် ကုမ္ပဏီများအတွက် အလုပ်လုပ်ပေးခဲ့သူတစ်ဦးဖြစ်ကာ ၎င်း၏ မတ်လ ၁၂ ရက်က လန်ဒန်အနောက်တောင်ပိုင်းရှိ နေအိမ်တွင် သေဆုံးနေသည်ကို သမီးဖြစ်သူက တွေ့ရှိခဲ့ခြင်း ဖြစ်သည်။
ဂလူရှက်ကော့ဗ်၏ အလောင်းတွင် လည်မျိုညှစ်ခံထားရသည့် လက္ခဏာရပ်များတွေ့ရသည်ဟု မိသားစုဝင်များက ပြောကြောင်း ရုရှ သတင်းစာတစ်စောင်က ကိုးကားဖော်ပြထားသည်။
သို့သော် ယခုထက်ထိ ၎င်းမှာ အသတ်ခံရသည်လား သို့မဟုတ် ၎င်းကိုယ်ကိုယ် သတ်သေခြင်းလား တိတိကျကျ မသိရသေးပေ။
ယခု ဂလူရှကော့ဗ် သေဆုံးမှုဖြစ်စဉ်နှင့် ပြီးခဲ့သည့်ရက်က စပိုင်ဟောင်း ဆာဂျီ စကရီပယ်လ် တိုက်ခိုက်ခံရသည့်ဖြစ်စဉ် ဆက်စပ်မှုရှိမရှိ စုံစမ်းသွားမည်ဖြစ်ကြောင်း ဗြိတိန်အကြမ်းဖက်တိုက်ဖျက်ရေး ရဲတပ်ဖွဲ့က ပြောသွားသည်။
တစ်ချိန်တည်းမှာပင် ရုရှစပိုင်ဟောင်း အဆိပ်ခတ် တိုက်ခိုက်ခံရမှုဖြစ်စဉ်ကြောင့် နှစ်နိုင်ငံအကြား အခြေအတင်ဖြစ်လာနေခဲ့ခြင်းကြောင့် ယမန်နေ့က ဗြိတိန်သံအမတ်ကြီးကို ဆင့်ခေါ်ခဲ့ရကြောင်း ရုရှနိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။