မတ် ၉၊ လန်ဒန်။ ။ ယူရိုပါလိဂ်တွင် အေစီမီလန်အသင်းကို ၂-၀ ဂိုးဖြင့်အနိုင်ယူကာ မကြာသေးမီကကြုံတွေ့နေရသည့်ရလဒ်ဆိုးများကို ကျော်ဖြတ် နိုင်ခဲ့သည့် အာဆင်နယ်အသင်းမှာ ချက်ကောင်းထိပြီးနောက် ပြန်ထနိုင်ရန်ရုန်းကန်ကြိုးစားနေသည့် လက်ဝှေ့သမားတစ်ဦး၏ အဖြစ်နှင့်တူသည်ဟု အာစင်ဝင်းဂါးကပြောဆိုလိုက်သည်။
အာဆင်နယ်အသင်းမှာ ဆန်စီရိုကွင်းတွင် အေစီမီလန်ကိုခြေစွမ်းပြအနိုင်မရမီတွင် ၁၉၇၇ နောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် ငါးပွဲဆက်ရှုံးနိမ့်မည့်အရေးနှင့်ရင်ဆိုင်ခဲ့ရခြင်းဖြစ်သည်။
သို့သော် မစ်ခီတာယန်နှင့် ရမ်ဆေးတို့၏ဂိုးများဖြင့် အေစီမီလန်ကိုအနိုင်ရလိုက်ပြီးနောက် ယူရိုပါလိဂ်ကွာတားဖိုင်နယ်သို့ တက်ရောက်ရန် အခြေအနေကောင်းသွားခဲ့သည်။
“အရေးကြီးတဲ့ နိုင်ပွဲတစ်ပွဲဖြစ်ခဲ့ပါတယ်။ ဘာကြောင့်လည်းဆိုတော့ ကျွန်တော်တို့အနေနဲ့ အိပ်မက်ဆိုးနဲ့တူတဲ့ရက်တွေကို ကျော်ဖြတ်ခဲ့ရလို့ပါ။
အရမ်းစိတ်ပျက်စရာကြုံရလည်း ကိုယ့်မှာအရည်အချင်းရှိနေရင် မြန်မြန်ဆန်ဆန်မေ့ပစ်နိုင်ရပါမယ်။ တစ်ပတ်တည်းနဲ့တော့ ညံ့ဖျင်းတဲ့အသင်း၊ ညံ့ဖျင်းတဲ့ကစားသမားဖြစ်မသွားနိုင်ပါဘူး။ ဘဝမှာ ဘယ်အရာမှထာဝရမတည်မြဲဘူးလေ။
ကျွန်တော်တို့အသင်းရဲ့အဖြစ်က လက်ဝှေ့ပွဲမှာလိုပါပဲ။ ချက်ကောင်းထိလို့ ပြန်တည်နိုင်ဖို့ကြိုးစားနေတုန်း နောက်ထပ်လက်သီး ချက် ထပ်ရောက်လာသလိုပေါ့။
ဒါပေမဲ့ တချို့အခြေအနေမှာကျတော့ ကိုယ်ကပြန်တုန့်ပြန်နိုင်သေးတယ်ဆိုတာ ခင်ဗျားသိနေမယ်ဆိုရင် ကိုယ့်အရည်အချင်းကို ပြလိုတဲ့ ခင်ဗျားရဲ့ သိက္ခာနဲ့ အာသီသက ပွဲထဲမှာထွက်ပေါ်လာတတ်တယ်”ဟု အာစင်ဝင်းဂါးက ဆိုသည်။
Ref; BBC