ချန်ပီယံလိဂ်ရှုံးထွက် (၁၆)သင်းအဆင့် ဒုတိယအကျော့ပွဲစဉ်တွေကို ယနေ့မနက်ပိုင်းက ဆက်လက်ကစားခဲ့ရာ အင်္ဂလန်ကလပ်နှစ်သင်းဖြစ်တဲ့ စပါးနဲ့ မန်စီးတီးတို့ဟာ အိမ်ကွင်းအသီးသီးမှာ (၁-၂) ဂိုးရလဒ်ဖြင့် ရှုံးပွဲကိုယ်စီ တွေ့ခဲ့ကြပါတယ်။
စပါး ၁-၂ ဂျူဗီတပ်စ် (နှစ်ကျော့ပေါင်း ၃-၂ ဖြင့် ဂျူဗီတပ်စ်အသင်း ကွာတားတက်)
ဆွန်ဟောင်မင် ၃၉’ - ဟီဂွာအင် ၆၄’၊ ဒီဘာလား ၆၇’
စပါးအသင်းဟာ ဂျူဗီတပ်စ်ရဲ့ ၃ မိနစ်အတွင်း သွင်းတဲ့ အဝေးဂိုး (၂)ဂိုးကြောင့် သူတို့ရဲ့ ချန်ပီယံလိဂ် ကွာတာဖိုင်နယ်တက်ရေး အိမ်မက်တွေ ဖျက်ဆီးခံလိုက်ရပြီး (၁၆)သင်းအဆင့်နဲ့ပဲ ပြိုင်ပွဲကနေ လက်ပြနှုတ်ဆက်သွားခဲ့ရပါတယ်။
ဂျူဗီတပ်အသင်း ဂိုး ၂ ဂိုးမသွင်းခင်မှာတော့ စပါးအသင်းအတွက် ဦးဆောင်ဂိုးကို ၃၉ မိနစ်မှာ ဆွန်ဟောင်မင် သွင်းယူပေးခဲ့တာကြောင့် ပထမအကျော့ တူရင်မှာ အဝေးဂိုး ၂ ဂိုးရရှိထားပြီး သရေကစားခဲ့နိုင်ခဲ့တဲ့ စပါးတို့ အခြေအနေကောင်းခဲ့ပါတယ်။
ဒါပေမယ့် ဒုတိယပိုင်း မိနစ် ၆၄ မှာ ခီဒီရာခေါင်းတိုက်ချပေးတဲ့ ဘောလုံးကို ဟီဂွာအင်က ပြေးပိတ်သွင်းပြီး ဂျူဗင်တပ်စ်အတွက် ချေပဂိုးရယူပေးခဲ့ပါတယ်။ အဲဒီနောက် ၃ မိနစ်အကြာမှာပဲ ဟီဂွာအင်ရဲ့ ပေးပို့မှုကတဆင့် ဒီဘားလားက ဂျူဗင်တပ်စ်အတွက် အနိုင်ဂိုး သွင်းယူပေးခဲ့ပါတယ်။
၂၀၁၀-၁၁ ရာသီက ကွာတားဖိုင်နယ်အဆင့်ထိ တက်ရောက်နိုင်ခဲ့တဲ့ စပါးအသင်းအတွက် ၁၈ ပွဲမှာ ပထမဆုံး ရှုံးပွဲတွေ့ခဲ့တာဖြစ်ပြီး ဂျူဗီတပ်အသင်းကတော့ ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၂ ရက်နောက်ပိုင်း ပွဲ ၂၀ မှာ ရှုံးပွဲမရှိသေးပါဘူး။
မန်စီးတီး ၁-၂ ဘေဆယ် (နှစ်ကျော့ပေါင်း ၅-၂ ဖြင့် မန်စီးတီးအသင်း ကွာတားတက်)
ဂျေးဆု ၈’ - အယ်ယိုနက်ဆေး ၁၇’၊ လန်း ၇၁’
မန်စီးတီးအသင်းဟာ ပထမအကျော့မှာ ၄ ဂိုးပြတ်နဲ့ အနိုင်ရထားတာကြောင့် နည်းပြ ဂွာဒီယိုလာက ဒုတိယအကျော့မှာ အဓိကကစားသမား အများအပြားကို အနားပေးထားပြီး ဘေဆယ်ကို အရံနဲ့ လူငယ်ကစားများဖြင့် ရင်ဆိုင်ခဲ့ပါတယ်။
ပထမပိုင်း ၈ မိနစ်မှာပဲ ဂျေးဆုက ဘာနာဒိုဆေးလ်ဗားရဲ့ ဖြတ်တင်ပေးပို့မှုကို လွတ်လွတ်ကျွတ်ကျွတ် ပိတ်သွင်းကား မန်စီးတီးအတွက် ဦးဆောင်ဂိုး ရယူပေးခဲ့ပါတယ်။ ဒီဂိုးဟာ ဂျေးဆုအတွက် နိုဝင်ဘာလနောက်ပိုင်း သူ့ရဲ့ ပထမဆုံး သွင်းဂိုးလည်းဖြစ်ပါတယ်။
ဘေဆယ်အတွက် ချေပဂိုးနဲ့ အနိုင်ဂိုးကို ၁၇ မိနစ်မှာ အယ်ယိုနက်ဆေး၊ ၇၁ မိနစ်မှာ လန်းတို့က သွင်းယူခဲ့ပါတယ်။