တနိုင်းဒေသ၌ KIA နှင့်တပ်မတော်တိုက်ပွဲများ ပြန်ဖြစ်

တနိုင်းဒေသ၌ KIA နှင့်တပ်မတော်တိုက်ပွဲများ ပြန်ဖြစ်

 

ရန်ကုန် ၊ မတ် ၆ ။                    ။ ကချင်ပြည်နယ် တနိုင်းမြို့အနီး၌ ယခုရက်ပိုင်းအတွင်း အစိုးရတပ်မတော်နှင့် KIA အကြား တိုက်ပွဲများ ပြန်လည် ဖြစ်ပွားနေသည်ဟု KIA ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီး နော်ဘူက မဇ္ဈိမသို့ အတည်ပြု ပြောဆိုသည်။

"မနေ့က တပ်ရင်း ၁၄ ဘက်မှာ တပ်မတော်စစ်ကြောင်းတွေက တစ်ဆင့်ပြန်ထိုးလာတဲ့အပေါ်မှာတိုက်ပွဲတွေ ပြန်ဖြစ်လာ တယ်။ လက်နက်ကြီးလည်း ပစ်တယ်၊ လက်နက်ငယ်နဲ့လည်း ပစ်တယ်၊ မြေပြင်တိုက်ပွဲလည်း ဖြစ်တယ်" ဟု ဗိုလ်မှူးကြီး နော်ဘူက ဆိုသည်။

ယင်းအပြင် တနိုင်းမြို့နယ် တရုံကျေးရွာ ဒေသခံ ၂၀ ကို KIA ဘက်မှ တပ်သားသစ်အဖြစ် စုဆောင်းသွားသည်ဟု သတင်းများ ထွက်ပေါ်နေသည့်အပေါ် KIA ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီး နော်ဘူအား မေးမြန်းရာ မသိရှိသေးကြောင်း မဇ္ဈိမသို့ ပြောဆိုထားသည်။

သို့သော်လည်း KIA အနေဖြင့် လူသစ်စုဆောင်းခြင်း ရှိမရှိ မဇ္ဈိမ၏ မေးမြန်းမှုကို ဗိုလ်မှူးကြီး နော်ဘူမှ ယတိပြတ် ဖြေဆိုခြင်း မရှိပေ။

"လူသစ်စုဆောင်းတာတော့ ရှိတော့ရှိတယ်။ ဒီကိစ္စကို မကြားမိပါဘူး။ တပ်မတော်စစ်ကြောင်းတွေက အလုံးအရင်းနဲ့ ထိုးလာတော့ ကျွန်တော်တို့ဘက်က လူသစ်စုဆောင်းတာလည်း ရှိမှာပါ" ဟု ၎င်းက ဆိုသည်။

လက်ရှိအချိန်တွင် တပ်မတော်နှင့် KIA အကြား စစ်ရေးတင်းမာမှုများ ရှိနေပြီး တပ်မတော်ဘက်မှ စစ်ဆင်ရေးများ လုပ်ဆောင်နိုင်ခြင်း မရှိရန်  ပြီးခဲ့သည့် ဇန်နဝါရီ လကုန်ပိုင်းခန့်က မြစ်ကြီးနား- ပူတာအို  လမ်းပေါ်ရှိ တံတားအချို့ကို KIA ဘက်မှ ဖျက်ဆီးခဲ့သည်။ ထို့သို့ လမ်းတံတားများ ပျက်ဆီးမှုကြောင့် ပူတာအိုတွင် စားနပ်ရိက္ခာနှင့် စက်သုံးဆီဈေးနှုန်းများ အဆမတန်မြင့်တက်လျက် ရှိသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီ လ ၁ ရက်နေ့က တရုတ်နိုင်ငံ ယူနန်ပြည်နယ် တာလီမြို့တွင် KIA နှင့် အစိုးရ၊ တပ်မတော် တာဝန်ရှိသူများ တွေ့ဆုံခဲ့ပြီး ယင်းတွေ့ဆုံပွဲတွင် တနိုင်းဒေသတွင် ရှိနေသည့် KIA တပ်ရင်း ၁၄ အပါအဝင် တပ်စခန်းများကို ဖယ်ရှားပေးရန် အစိုးရ တပ်မတော်က တောင်းဆိုထားသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags