လက်ရှိ ၂၀၁၇-၁၈ ဘဏ္ဍာနှစ် ဖေဖော်ဝါရီလအထိ နိုင်ငံခြားရင်းနှီးမြှုပ်နံှမှု စုစုပေါင်း အမေရိကန်ဒေါ်လာ ၅ ဒသမ ၆ ဘီလီယံကျော် ဝင်ရောက်ထားကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန သိရသည်။
မတ်လ ၅ ရက်က ရန်ကုန်မြို့ရှိ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနတွင် ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲတွင် ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးသန်းအောင်ကျော်က ပြောကြားခဲ့ခြင်းဖြစ်သည်။
" ရင်းနှီးမြှုပ်နှံမှု စုစုပေါင်းဟာ သီလဝါအထူးစီးပွားရေးဇုန်အပါအဝင် ၅၆၇၃ သန်း ကျော် ရရှိခဲ့ပြီးဖြစ်ကြောင်းပြောကြားလိုပါတယ်" ဟု ဦးသန်းအောင်ကျော်က ဆိုသည်။
ယခု ၂၀၁၇-၁၈ ဘဏ္ဍာနှစ် ဖေဖော်ဝါရီလအထိ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုလုပ်ငန်း ၂၀၆ခု၊ ရင်းနှီးမြှုပ်နှံမှုပမာဏ အမေရိကန်ဒေါ်လာ ၄၅၀၈ဒသမ၄၅၃သန်းကို အတည်ပြု ခွင့်ပြုပေးခဲ့ပြီး ရင်းနှီးမြှုပ်နှံမှုတိုးမြှင့်ခြင်းအပါအဝင် စုစုပေါင်းရင်းနှီးမြှုပ်နှံမှုပမာဏမှာ အမေရိကန်ဒေါ်လာ ၅၃၀၇ ဒသမ ၂၀၇သန်းဖြစ်ကြောင်း သိရသည်။
အထူးစီးပွားရေးဇုန်ဥပဒေအရ သီလဝါအထူးစီးပွားရေးဇုန်တွင် ရင်းနှီးမြှုပ်နှံမှုပမာဏ အမေရိကန်ဒေါ်လာ ၃၆၆ ဒသမ ၅၃၀ သန်းအား ခွင့်ပြုခဲ့သဖြင့် စုစုပေါင်း ခွင့်ပြုပြီး ရင်းနှီးမြှုပ်နှံမှုပမာဏမှာ အမေရိကန်ဒေါ်လာ ၅၆၇၃ ဒသမ ၇၃၇သန်းဖြစ်သည်။
မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်မှ လက်ရှိ ၂၀၁၇-၁၈ ဘဏ္ဍာနှစ်အတွင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုပမာဏ စုစုပေါင်း အမေရိကန်ဒေါ်လာ ၆ ဘီလီယံ ဝင်ရောက်ရန် ခန့်မှန်းထားကြောင်း သိရသည်။