နာမည်ကျော်ဗြိတိန်အဆိုတော်နှင့် တေးရေးဆရာဖြစ်သူ အက်ဒ်ရှီရန်းသည် သူ၏ပေါက်သီချင်းများဖြစ်သော Shape of You နှင့် Perfect တို့အပြင် Divide တေးအယ်လ်ဘမ်တို့ကြောင့် ၂၀၁၇ ခုနှစ်အတွင်း ကမ္ဘာပေါ်၌ ရောင်းအားအကောင်းဆုံး အဆိုရှင်တစ်ဦးဖြစ်လာခဲ့သည်။
အပြည်ပြည်ဆိုင်ရာဂီတလောကဖက်ဒရေးရှင်း IFPI က လွန်ခဲ့သော ၂၀၁၇ မတ်လတွင် စတင်ဖြန့်ချီခဲ့သော အက်ဒ်၏ Divide အယ်လ်ဘမ်သည် နိုင်ငံပေါင်း ၃၆ နိုင်ငံတွင် ပလတ်တီနမ်အဆင့်ထိ ရောင်းအားကောင်းခဲ့ သည်ဟု ဖော်ပြခဲ့သည်။
ဒါ့အပြင် အက်ဒ်၏ ပေါက်သီချင်းဖြစ်သော Shape of You သည် ၂၀၁၇ ခုနှစ်အတွင်း ကမ္ဘာတစ်ဝန်း၌ ရောင်းအားအကောင်းဆုံး သီချင်းတစ်ပုဒ်ဖြစ်ကြောင်း IFPI က ဖော်ပြခဲ့သည်။
ထို့ကြောင့် အက်ဒ်ရှီရန်းသည် နှစ်တစ်နှစ်၏ ရောင်းအားအကောင်းဆုံးသီချင်းနှင့် အယ်လ်ဘမ်ကို ပိုင်ဆိုင်သော ပထမဦးဆုံး အဆိုရှင်အဖြစ် စံချိန်တင်နိုင်ခဲ့သည်ဟု IFPI က ဆိုခဲ့သည်။
အသက် ၂၇ နှစ်အရွယ်ရှိ အက်ဒ်ရှီရန်းသည် ၂၀၀၉ ခုနှစ်တွင် အင်္ဂလန်၌စတင်၍ အောင်မြင်စပြုလာခဲ့ပြီးနောက် ၂၀၁၀ ခုနှစ်တွင် သူ၏သီချင်းများကို အွန်လိုင်းပေါ်မှတဆင့် ထုတ်လုပ်ဖြန့်ချီပြီး ကမ္ဘာတစ်ဝန်းအောင်မြင်မှုများ ရရှိလာခဲ့သူဖြစ်သည်။
Ref: Reuters