ရန်ကုန်၊ ဖေဖော်ဝါရီ ၂၈ ။ ။ YBS ၂၀ ပေါ်တွင် ကုမ္ပဏီမှပိုင်ရှင်ကဲ့သို့ ပြောဆိုခဲ့ပြီး ခရီးသည်အမျိုးသမီးတစ်ဦးနှင့် စကားများခဲ့ကာ ကိုယ်ထိလက်ရောက် ပြုမူခဲ့သည့် အမျိုးသားအား ယနေ့ ဗိုလ်တစ်ထောင်မြို့နယ်တရားရုံး၌ ရုံးထုတ် စစ်ဆေးမည်ဖြစ်သော်လည်း လာရောက်ခဲ့ခြင်း မရှိကြောင်း သိရသည်။
" ကျွန်တော်အခုတရားရုံးကနေပြန်လာတာ ရမန်ပြန်ချိန်းတယ် ။ နောက်တစ်ပတ် ၁၄ရက်နေ့(မတ်လ ၁၄ရက်)"ဟု Omni Focus General Service ကုမ္ပဏီလိမိတက်၏ မန်နေဂျာ ဦးစန်းယု ကပြောသည်။
ဖြစ်စဉ်မှာ Omni Focus ကုမ္ပဏီပိုင် YBS၂၀ ကားပေါ်သို့ ဇန်နဝါရီ ၂၅ ရက်နေ့၊ မွန်းလွဲ ၃နာရီအချိန်ခန့်က ဗိုလ်တစ်ထောင်မြို့နယ်၊ အမျိုးသားစီမံခန့်ခွဲမှု နည်းပညာကောလိပ်အရောက်တွင် တာမွေဈေးမှတ်တိုင်မှ တက်ရောက်လာသူအမျိုးသားတစ်ဦးက ခရီးသည်များသည် မုန့်များစားပြီး ကားပေါ်တွင် တစ်ရှူးများ၊ အခွံများလွတ်ပစ်ထားကြောင်း၊ ကားတန်ဖိုးမှာ သိန်း ၈၈၀ ရှိကြောင်း၊ ပိုက်ဆံနှစ်ရာဖြင့် အမှိုက်ဖွ၊ ကွမ်းတံတွေး ထွေးသွားကြကြောင်း ကားနှင့်မတန်ကြောင်း ပြောဆိုခဲ့သည်ကို YBS ၂၀ကားပေါ်ပါ စီစီတီဗီမှ တွေ့ရသည်။
ထို့ပြင် ၎င်းဘတ်စ်ကားကို ပိုင်ဆိုင်ကြောင်း၊ ကုမ္ပဏီနှင့်ပတ်သတ်သူဖြစ်ကြောင်း၊ ပြောဆိုခဲ့သည့်အပြင် ခရီးသည်အမျိုးသမီးနှင့်စကားများရာ အမျိုးသမီးက ဓာတ်ပုံရိုက်သည်ကိုပါ လက်ဖြင့် ပုတ်ထုတ်ခဲ့ခြင်း ဖြစ်သည်။
ထို့အတွက် ကုမ္ပဏီ၏ဂုဏ်သိက္ခာကျဆင်းစေရန်ရည်ရွယ်သည်ဟုဆိုကာ Omni Focus ကုမ္ပဏီ၏ မန်နေဂျာ ဦးစန်းယုက ဇန်နဝါရီလ ၂၆ ရက်နေ့တွင် အမှုဖွင့်ခဲ့ခြင်းဖြစ်ပြီး ဗိုလ်တစ်ထောင်မြို့နယ် တရားရုံးမှ ပ/၅၈/၂၀၁၈ ဖြင့် အမှုလက်ခံဆောင်ရွက်နေခြင်း ဖြစ်သည်။
YBS ၂၀ သည် ဗိုလ်တစ်ထောင်ဆိပ်ကမ်းမှ သိမ်ဖြူ၊ တာမွေ၊ မြေနီကုန်း၊ ကြည့်မြင်တိုင် တို့ကိုဖြတ်ကာ လှိုင်သာယာသို့ ပြေးဆွဲနေပြီး Omni Focus General Service ကုမ္ပဏီလိမိတက်သည် YBS မြို့တွင်းပတ် ယာဉ်လိုင်း ၅၆၊ မြို့တွင်းချိန်ဆက် ယာဉ်လိုင်း ၂၀ နှင့် ၈၄ အစရှိသည့်ယာဉ်လိုင်းများကို တာဝန်ယူ ပြေးဆွဲပေးနေသော ကုမ္ပဏီ ဖြစ်သည်။
ပြီးခဲ့သည့်နှစ် သြဂုတ်လ ၂၁ ရက်နေ့ လှိုင်သာယာမြို့နယ်၊ မီးခွက်ဈေးအနီးတွင် တုတ်ကိုင်ထားသော လူ ၂ ယောက်က YBS ၂၀ ပေါ်သို့တက်ကာ ပိုက်ဆံတောင်းယူခဲ့မှု ဖြစ်ပွားခဲ့သေးပြီး အောက်တိုဘာလ ၃၁ ရက်နေ့က လှိုင်သာယာမြို့နယ်မှ သခင်မြပန်းခြံအထိ ပြေးဆွဲ သော YBS ၂၀ ယာဉ်ပေါ်သို့ လိုက်ပါလာသူ အမျိုးသမီးမှာ ခါးပိုက်နှိုက်ခံရကြောင်း ပြောသူ အမျိုးသမီးနှင့် ယာဉ်မောင်းတို့အား ဆဲဆိုကြိမ်းမောင်းခဲ့မှုလည်း ဖြစ်ပွားခဲ့သည်။